၂ဝ၁၅ ကိစ္စ ဦးသိန်းစိန် ကိုယ်တိုင်ပြောမယ်

Image caption သမ္မတ ဦးသိန်းစိန် ရွေးကောက်ပွဲ မဝင်ဘူးလို့ သူရဦးရွှေမန်း ထုတ်ဖေါ်ပြောခဲ့

သမ္မတ ဦးသိန်းစိန်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် သူဝင် အရွေးခံ မခံ ဆိုတာကို သူကိုယ်တိုင် ပြည်သူတွေကို အသိပေး ပြောကြားမယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန် ဝင် အရွေးမခံ တော့ဘူးလို့ သူ့ကို ပြောခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ရက်နေ့မှာ လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖေါ် ပြောဆိုခဲ့အပြီး ၂ရက်အကြာမှာ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က အခုလို တုန့်ပြန် ပြောလိုက်တာပါ။

သူရ ဦးရွှေမန်းရဲ့ ပြောဆိုချက်ဟာ သမ္မတနဲ့ ကြိုတင် သဘောတူပြီး ထုတ်ပြန်ခဲ့တာ မဟုတ်ဘူးလို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်ကတော့ လုပ်ထုံး လုပ်နည်းအရ သူရ ဦးရွှေမန်းအနေနဲ့ ဒီလို ထုတ်ဖေါ် မပြောသင့်ဘူးလို့ သုံးသပ်ပါတယ်။

သမ္မတနဲ့ လွှတ်တော်အကြား အားပြိုင်မှုတွေ ရှိနေတယ်လို့ အများက ယူဆနေ ချိန်မှာပဲ အခု ဒီကိစ္စ ပေါ်ပေါက်ခဲ့တာပါ။

သမ္မတနဲ့ လွှတ်တော်အကြားမှာ ဖွဲ့စည်း အုပ်ချုပ်ပုံ ဆိုင်ရာ ခုံရုံး ကိစ္စ အငြင်းပွားတာမျိုး ဖြစ်ခဲ့သလို ငြိမ်းချမ်းရေး အကောင်အထည် ဖေါ်ရေး လုပ်ငန်းစဉ်တွေကို သူရ ဦးရွှေမန်းက စိတ်ကြေနပ်မှု မရှိတာကြောင့် အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး အစည်းအဝေးတွေ ခေါ်ဖို့ တောင်းဆိုတာမျိုးတွေ ရှိခဲ့ပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီတခုတည်းက ပြိုင်ဘက် အချင်းချင်း သူရ ဦးရွှေမန်း အခုလို ပြောခဲ့တာဟာ သမ္မတ ဦးသိန်းစိန်ကို ပြိုင်ဘက် အဖြစ်ကနေ ဖယ်ထုတ်ပစ်ချင်တဲ့ သဘော ရောက်နေတယ်လို့ ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်က သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ