ဘင်္ဂလားဒေ့ရှ် စက်လှေပျက်က ထွက်ပြေးသူ ထပ်မိ

Image caption လှေစီးပြေး ခိုးဝင်လာသူတွေကို တွေ့ရပုံ

ဘင်္ဂလားဒေ့ရှ်ကနေ မလေးရှားကို လူမှောင်ခို တင်ပို့တဲ့ စက်လှေကနေ ထွက်ပြေး ပုန်းအောင်းနေတဲ့ လူပေါင်း ၁၈၀ ခန့် ကို မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လိုက်လံ ဖမ်းဆီးနေတဲ့ နေရာမှာ မနေ့ကလည်း နောက်ထပ် လူတော်တော်များများကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလှေပေါ်ပါ လူတွေထဲက ၁၈ ယောက်ကို လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းဆီး မိခဲ့တာဖြစ်ပြီး အခု နောက်ထပ် ၁၈ ယောက် ထပ်မံ ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် ဖမ်းဆီးရမိသူ ၃၆ယောက် ရှိသွားပြီ ဖြစ်တယ်လို့ မောင်တာ ခရိုင် ရဲမှူးကြီးက အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကျန်တဲ့ လူတွေကို ရဲနဲ့ စစ်တပ်က လိုက်လံ ရှာဖွေ နေတုန်းဘဲလို့ သိရပါတယ်။

ဒေသခံ တယောက်က ပြောပြရာမှာတော့ မြူတောင် အတိုင်းသွားရင် နယ်စပ်က ဗူးသီးတောင် မောင်တောကို အလွယ်တကူ ရောက်နိုင်တာကြောင့် ထွက်ပြေး လွတ်မြောက်သွားသူတွေဟာ လမ်းကျွမ်းကျင်ပုံ ရပြီး သူတို့ကို ဆက်လက် ရှာဖွေရာမှာ ခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။

အခုတော့ ဖမ်းဆီးရမိသူ ၃၆ ယောက်ကို မောင်တော ရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း ချိန်ခါလီ ကျေးရွာအနီးမှာ ဘင်္ဂလားဒေ့ရှ်က စက်လှေ တစ်စီး အတင်း ၀င်ရောက် ဆိုက်ကပ် လာတဲ့ အတွက် လူပေါင်း (၁၈) ဦးကို နယ်မြေခံ စစ်တပ်က ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စက်လှေဟာ လူပေါင်း ၁၈၀ ခန့်ကို တင်ပြီး မလေးရှားကို ဘင်္ဂလားဒေ့ရှ် ကနေ ထွက်ခွာလာရာမှာ စက်လှေ ပေါက်ပြီး မြန်မာဘက်ကို အတင်းထိုးတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ