မြို့ပြ ဖွံ့ဖြို့းဖို့ အေဒီဘီ ထောက်ပံ့ရေး

rangoon_flood
Image caption ရန်ကုန် ရေကြီးနေပုံ

မြန်မာနိုင်ငံ က မြို့ပြ ၆ ခုမှာ တိုးမြင့်လာတဲ့ အခက်အခဲ တွေ ကို ဖြေရှင်းပေးနိုင်ရေး နဲ့ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဂျပန်နိုင်ငံ ရဲ့ ရံပုံငွေ ထောက်ပံ့ငွေ ဒေါ်လာ ၂ သန်း ကို အာရှဖွံ့ဖြို့းရေးဘဏ် ADB ရဲ့ စီမံခန့်ခွဲမှု အရ ဆောင်ရွက်ဖို့ ရှိကြောင်း အာရှ ဖွံ့ဖြို့းရေးဘဏ် ADB က ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

ရန်ကုန် အပါအဝင် မြို့ပြတွေ မှာ တိုးပွားလာတဲ့ အခက်အခဲတွေ ထဲမှာ ရေပေးဝေခြင်း၊ သန့်ရှင်းရေး၊ စွန့်ပစ်ပစ္စည်း များ စီမံခန့်ခွဲခြင်း၊ ရေစီးဆင်းမှု နဲ့ ရေလျှံမှု တွေ ကို စီမံခန့်ခွဲရေး လုပ်ဆောင်နိုင်ဖို့တွေ ပါဝင်ပါတယ်။ ရန်ကုန် မြို့တော် စည်ပင်သာယာ ရေး ကော်မတီ မှ ညွှန်ကြားရေးမှူး ကလည်း ရေပေးဝေရေး မှာ ရေအလုံအလောက် ရှိပေမယ့် ရေပိုက်တွေ ဟာ ဗြိတိသျှ လက်ထက် ကတည်းက တပ်ဆင် ခဲ့တဲ့ ပိုက်တွေ ဖြစ်နေလို့ ပိုက် အတွင်းမှာ အနည် အနှစ်တွေ၊ သံချေးတွေ တက်နေတဲ့ အတွက် ပြန်ဆေးရတာ မလွယ်သလို၊ ပြင်ဆင်ဖို့ လည်း အခက်အခဲ ရှိနေကြောင်း၊ ဒါ့အပြင် ရေမရတဲ့ အရပ်တွေ က ရေခိုးသွယ်မှု တွေ ရှိနေလို့ ရေပြုန်းတီးမှု ရှိနေပုံ ဘီဘီစီ ကို ရှင်းပြပါတယ်။

ရန်ကုန်မှာ လူနေထူထပ် လာတာလည်း အကြောင်း တကြောင်း ဖြစ်လို့၊ ရေတန်ချိန် သန်း နဲ့ ချီ ဖြန့်ဝေပေး ပေမယ့် မလောက်မင ဖြစ်ပုံလည်း ရှင်းပြပါတယ်။ ရေလျှံရခြင်း အကြောင်းရင်ထဲမှာ လည်း ရန်ကုန်မှာ မိုးသည်းထန်ရင် ရေမြောင်းတွေ ပိတ်ဆို့မှု ဖြစ်နေလို့၊ ပြုပြင်ရမယ့် အနေအထား တရပ် လို့ စည်ပင်သာယာ ရေး ကော်မတီ မှ ညွှန်ကြားရေးမှူး က ပြောပါတယ်။

အဆိုပါ ရေမြောင်းတွေ ဟာ ဗြိတိသျှ လက်ထက် ကတည်းက ဆောက်လုပ်ထားတဲ့ အတွက် မူလ ဒီဇိုင်း မရှိတော့တဲ့ အတွက် တမြို့လုံး အတိုင်းအတာ နဲ ပြင်ဆင်ဖို့ လိုနေပြီ ဖြစ်လို့ အာရှဖွံ့ဖြို့းရေးဘဏ် ADB ရဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၂ သန်း ဟာ၊ သေးငယ်တဲ့ အကူငွေ လို့ ဆိုနိုင်ပုံ ကို ရှင်းပြသွားပါတယ်။