အခြေခံ ဥပဒေ အစီရင်ခံစာ တင်သွင်းရက် နောက်ဆုတ်

Burma Constitution
Image caption ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်စရာတွေ အများကြီး ရှိတယ်လို့ ယေဘုယျ လက်ခံ လာ ကြ

ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ဆိုင်ရာ အစီရင်ခံစာ တင်သွင်း ရမယ့် ရက်ကို နောက်တစ်လ ရွှေ့ဆိုင်းလိုက် ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါတဲ့ ပြည်သူတွေက ပြင်ဆင်လိုတဲ့ အချက် တွေကို လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ကော်မီတီထံ တင်ပြ နိုင်မယ့် နောက်ဆုံး ရက်ကို လည်း နိုဝင်ဘာလ ၁၅ ရက်နေ့ အစား ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ထပ်တိုး လိုက် ပါတယ်။

လွှတ်တော် ဖွဲ့စည်းပုံ သုံးသပ်ရေး ကော်မီတီကို အခုချိန်ထိ ပြည်သူ တွေက ဆန္ဒ သဘောထားတွေ ပေးနေတုန်း ဖြစ်တာက တစ်ကြောင်း၊ ဒီဇင်ဘာ လအတွင်း နေပြည်တော်မှာ အရှေ့တောင်အာရှ အားကစား ပွဲတွေ ကျင်းပကြချိန်မှာ အခြေခံ ဥပဒေ လေ့လာရေး ကော်မီတီ အစည်း အဝေးတွေ ကျင်းပဖို့ အခက်အခဲ ရှိတာက တစ်ကြောင်း၊ လွှတ်တော် ကျင်းပ နေချိန်မှာ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး အစည်း အဝေးတွေ ပူးတွဲ ကျင်းပဖို့ ကလည်း ခက်ခဲတဲ့ အတွက် ရက်ရွှေ့ဖို့ ဆုံးဖြတ်တာလို့ ပြည်ထောင်စု လွှတ်တော် ဥပဒေ ကြမ်း ကော်မီတီ အတွင်း ရေးမှူး က ပြောပါတယ်။

ဒါကြောင့် လွှတ်တော် ရပ်နားမယ့် ဇန်နဝါရီ တစ်လလုံး အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မီတီက ဆွေးနွေး ညှိနှိုင်း စည်းဝေးကြပြီး လာမယ့် ဖေဖော်ဝါရီလ ကျရင် ပြည်ထောင်စု လွှတ်တော်ကို တင်သွင်း မယ်လို့ ပြည်ထောင်စု လွှတ်တော် ဥပဒေ ကြမ်း ကော်မီတီ အတွင်း ရေးမှူး လည်းဖြစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မီတီမှာ ပါတဲ့ NLD အမတ် ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

လောလောဆယ် ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး နဲ့ ပတ်သက်လို့ ပြောဆို ဆွေးနွေးမှုတွေမှာ အခက် အခဲ တစုံတရာ မရှိကြောင်းနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ သာမက မြန်မာ နိုင်ငံ အရပ်ရပ်က တင်ပြ လာကြတဲ့ အကြံ ပြုချက်တွေ အားလုံးကိုလည်း မှတ်တမ်းတင် ထားတယ်လို့ သူက ဆိုပါတယ်။

ပြင်ဆင်ဖို့ အကြံပြု ကြတဲ့ အချက် တစ်ချက်ချင်းစီကို ညှိနှိုင်း ဆွေးနွေး ကြပြီး ပြည်သူ တစ်ရပ်လုံးက လိုလားတဲ့ အခြေအနေ၊ နိုင်ငံရဲ့ လက်ရှိ ရပ်တည်နေတဲ့ အနေအထားတွေကို ပါတီ ပေါင်းစုံပါဝင်တဲ့ ဖွဲ့စည်းပုံ လေ့လာ သုံးသပ်ရေး ကော်မီတီက သိပြီး ဖြစ်လို့ အခြေ အတင် ညှိနှိုင်း စရာတွေ ရှိလာရင်လည်း ကျော်လွှား သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ