အစိုးရ ဘတ်ဂျက် အကြွေးကိစ္စ လွှတ်တော် ဖြေရှင်းချက်တောင်း

parliament
Image caption လွှတ်တော်မှာ အစိုးရ အကြွေးကိစ္စ ဖြေရှင်းသံ မကြာခင် ကြားရနိုင်

အစိုးရ ၀န်ကြီးဌာန ၁၉ ခုက နိုင်ငံတော်ကို ပေးသွင်းဖို့ ကျန်နေတဲ့ အကြွေး ကျပ်ငွေ သန်းပေါင်း တစ်သန်းကျော် နဲ့ ပတ်သက်ပြီး လာရောက် ဖြေရှင်းဖို့ လွှတ်တော်က တောင်းဆို ထားတဲ့ အတွက် မကြာခင် ရက်ပိုင်း အတွင်း ဝန်ကြီးဌာန အကြီးအကဲတွေ လွှတ်တော်မှာ လာရောက် ရှင်းလင်း ကြရမှာ ဖြစ်ပါတယ်။

ဒီအကြွေးငွေ တွေဟာ အရင် အစိုးရတွေ လက်ထက် ကတည်းက ကျန်နေတဲ့ ငွေတွေ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ငွေစာရင်း ပူးပေါင်းကော်မီတီ အဖွဲ့ဝင် ဦးစိုင်းသီဟကျော်က ပြောပါတယ်။

တချို့ ဝန်ကြီးဌာန တွေ အနေနဲ့ တခြားက ရစရာရှိတဲ့ အကြွေးတွေ ပြန်မဆပ် တာကြောင့် အစိုးရကို ငွေပြန်မသွင်းနိုင် တာလို့ ဆိုကြောင်း သူက ပြောပါတယ်။

သတ္တုတွင်း ဝန်ကြီးဌာန ဆိုရင် ပုဂ္ဂလိက ကုမ္ပဏီတွေ ဆီက ရဖို့ရှိတဲ့ ရွှေပိဿာချိန် သုံးသောင်းကျော် ရှိတယ်လို့ လည်း သူက ဆိုပါတယ်။

ပြည်တွင်းသတင်စာ တစောင်ရဲ့ ဖော်ပြချက် အရဆိုရင်တော့ အကြွေး ရဖို့ ရှိတဲ့ ရွှေပမာဏဟာ ပိဿာတသိန်းကျော် ရှိနေပါတယ်။

တကယ်လို့ ဝန်ကြီးဌာန တွေက အဲဒီအကြွေးတွေ နိုင်ငံတော်ကို ပြန်မဆပ် နိုင်ဘူးဆိုရင် လွှတ်တော် အနေနဲ့ တိုက်တွန်းတာ ပြစ်တင်စွပ်စွဲတာတွေ သာလုပ်နိုင်ပြီး လက်ရှိအာဏာရ ပါတီ ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ က ဘယ်လို ဆောင်ရွက်မလဲ ဆိုတဲ့ အပေါ်မှာသာ အဓိကမူတည်ကြောင်း ဦးစိုင်းသီဟကျော်က ပြောပါတယ်။

ဒီအကြွေးတင်တဲ့ ကိစ္စ တွေဟာ သက်ဆိုင်ရာ ဝန်ကြီးဌာန တွေရဲ့ သာမန်လုပ်ရိုး လုပ်စဉ် လုပ်ငန်းတွေ ဆောင်ရွက်ရင်း ဖြစ်ခဲ့တာလား၊ အဂတိ လိုက်စားမှုလို ဥပဒေချိုးဖောက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်သလား ဆိုတာ တော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။