NLD ကို တရုတ် နိုင်ငံက တရားဝင် ဖိတ်ကြား

U Nyan Win
Image caption ဦးဉာဏ်ဝင်း အပါအဝင် NLD ပါတီဝင် ၁၀ ယောက် တရုတ် နိုင်ငံကို သွားမယ်

တရုတ် အစိုးရက အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကို တရုတ် နိုင်ငံဆီ လာရောက်ဖို့ ပထမဆုံး အကြိမ် ဖိတ်ခေါ်လိုက် ပါတယ်။

တရုတ် နိုင်ငံခြားရေး ဌာနရဲ့ တရားဝင် ဖိတ်ကြားမှု အရ NLD ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ခေါင်းဆောင်တဲ့ ပါတီဝင် ၁၀ ယောက်ဟာ လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့မှာ တစ်ပတ်ကြာ ခရီး စတင်မှာ ဖြစ်ပါတယ်။

NLD ပါတီကို တရုတ် အစိုးရက ဘာရည်ရွယ်ချက်နဲ့ ဖိတ်တယ် ဆိုတာ မသိရပေမဲ့ ဖိတ်စာပေါ်မှာ အလည် အပတ် လို့ပဲ ရေးထားကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဦးဉာဏ်ဝင်း က NLD ဟာ ပါတီ တစ်ခု အဖြစ် ရှိနေခဲ့တာက လွဲရင် ဖိနှိပ်ချုပ်ချယ်ခံ ဘဝမှာပဲ တောက်လျှောက် နေခဲ့ရတာကြောင့် တရုတ် ဘက်က ဆက်ဆံမှု မရှိခဲ့ရာက အခုတော့ အခြေ အနေတွေ ပြောင်းလဲသွားလို့ ဆက်ဆံမှု လုပ်နိုင်တာလို့ ပြောပါတယ်။

တရုတ် နိုင်ငံဟာ အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ကမ္ဘာမှာ စီးပွားရေး အရ နောက်ထပ် တိုးတက်လာ နေတဲ့ နိုင်ငံကြီး ဖြစ်လို့ ရင်းနှီးတဲ့ ဆက်ဆံရေး လမ်းကြောင်းပွင့် လာတာကို ကျေနပ်တယ် လို့ ဦးဉာဏ်ဝင်းက ပြော ပါတယ်။

ခရီးစဉ် အတွင်းမှာ NLD ရဲ့ နိုင်ငံခြားရေး မူဝါဒ တွေနဲ့ ပတ်သက်လို့ ဆွေးနွေးမယ် ဆိုတဲ့ အစီအစဉ် မရှိပေမဲ့ အကြောင်း တိုက်ဆိုင် လာရင်တော့ ပြောဖြစ်မယ်၊ အနောက်နိုင်ငံတွေကို ဆက်ဆံ သလို တရုတ် နိုင်ငံ အပါအဝင် တခြား နိုင်ငံတွေကို လည်း နိုင်ငံရေး အရရော စီးပွားရေး အရပါ တန်းတူ သဘောထား ဆက်ဆံ သွားမယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ