အရှေ့တောင်အာရှ အားကစားပွဲအတွက် အဆင်သင့်ဖြစ်

Image caption အရှေ့တောင် အာရှ အားကစားပွဲ လုံခြုံရေး အတွက် အာမခံတယ်လို့ အားကစား ဒုတိယ ဝန်ကြီး ပြော

နှစ်ပေါင်း ၄၀ကျော် အတွင်း ပထမဆုံးအကြိမ် အဖြစ် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီး အတွက် လုံခြုံရေးကို အာမခံတယ်လို့ ပြိုင်ပွဲ ကျင်းပရေး ကော်မီတီ ဒုတိယ ဥက္ကဋ္ဌ အားကစား ဒုတိယ ဝန်ကြီး ဦးသောင်းထိုက်က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကပဲ ဗုံးကွဲမှုလို အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီး ဘာသာကွဲတွေ အကြား တင်းမာမှုတွေ အကြမ်းဖက်မှုတွေ ရှိခဲ့ပေမယ့် Comprehensive Security Plan ကျယ်ပြန့်တဲ့ လုံခြုံရေး စီမံကိန်း ချမှတ် ရေးဆွဲပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိ လုံခြုံရေး တပ်ဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်နေသလို အာဆီယံ တပ်ဖွဲ့နဲ့ရော၊ Interpol နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ပါ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဦးသောင်းထိုက်က ပြောပြပါတယ်။

ငွေအကုန်အကျခံ တည်ဆောက်ထားတဲ့ နေပြည်တော် ဝဏ္ဏ သိဒ္ဓိ အားကစားရုံကြီးကို အခု အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ပြီးသွားရင် အမျိုးသား အားကစားရုံအနေနဲ့ ဆက်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီနေရာမှာ အားကစား အကယ်ဒမီကျောင်း ဖွင့်ဖို့ စီစဉ်ထားပြီး အဲဒီကနေတဆင့် အားကစားတက္ကသိုလ် အထိ ဖွင့်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

နောက်ပိုင်းမှာ ပြည်တွင်းမှာ ဖိတ်ခေါ် ကျင်းပမယ့် နိုင်ငံတကာနဲ့ အားကစားပွဲတွေ အားလုံးကိုလည်း ရန်ကုန်မြို့မှာ ကျင်းပတော့မှာ မဟုတ်ပဲ နေပြည်တော် အားကစား ကွင်းမှာပဲ ကျင်းပသွားမယ်လို့ ဦးသောင်းထိုက်က ပြောပါတယ်။

ပြီးခဲ့တဲ့ အရှေ့တောင် အာရှ အားကစားပွဲမှာ မြန်မာ အသင်းက ရွှေတံဆိပ် ၁၆ခု ရပြီး အဆင့် ၇ နေရာကို ချိတ်ခဲ့ကြောင်း၊ အခုလာမယ့် ပွဲမှာတော့ နံပါတ် ၁ အဆင့် ရအောင် တရားမျှတတဲ့ ယှဉ်ပြိုင်မှုနဲ့ ကြိုးစားသွားမယ်လို့ သံဓိဋ္ဌာန် ချထားကြောင်း အားကစား ဒုတိယ ဝန်ကြီး ဦးသောင်းထိုက်က ဘီဘီစီကို ပြောပါတယ်။