စီတန်းလှည့်လည်ပုဒ်မ ၁၈ နဲ့ထောင်ချပြန်ပြီ

Letpadaung protest
Image caption လက်ပန်းတောင်းသပိတ် ဖြိုခွင်းမှု အတွက် ရန်ကုန်မှာ ကန့်ကွက် ဆန္ဒပြခဲ့

စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ကို ပယ်ဖျက် ပေးဖို့ လွှတ်တော်မှာ ကြိုးစားနေတဲ့ အချိန်မှာ ဘဲ ဒီ ပုဒ်မတွေနဲ့ တရားစွဲ ထားတဲ့ ၂၀ဝ၇ ဗကသ ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ဒီငြိမ်းလင်း အပါအဝင် ၆ဦး ကို ဒီပုဒ်မနဲ့ ဘဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁လ ချမှတ်လိုက်ပါတယ်။

မနှစ်က လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲမှုကို ရန်ကုန်မြို့မှာ ကန့်ကွက် ဆန္ဒပြ ခဲ့ရာမှာ ခွင့်ပြုချက် မယူဘူး ဆိုပြီး ကြည့်မြင့်တိုင် မြို့နယ် တရားရုံးက အခွင့် မရှိဘဲ စီတန်း လှည့်လည်တဲ့ ပုဒ်မ၁၈အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အပြစ်ပေး လိုက်တာပါ။

ဒီငြိမ်းလင်း နဲ့အတူ မျိုးဆက်သစ်လူငယ်များအစည်းအရုံးက ကိုမိုဃ်းသွေး၊ ၈၈မျိုးဆက်တယောက်ဖြစ်တဲ့ မသန္တာ၊ ကိုစိုးမိုးထွန်း ၊ ကိုအောင်မြင့်ဦးနဲ့ ကိုမြင့်ကျော်ဦးတို့ လည်း ထောင်ဒဏ်တွေ အသီးသီးချမှတ် ခံခဲ့ရ ပါတယ်။

သူတို့ကို တနှစ်နီးပါး ရုံးချိန်းအကြိမ်ကြိမ် စစ်ဆေးပြီး ခုမှ စီရင်ချက်ချလိုက်တာဖြစ်ပါတယ်။

အခုချမှတ်လိုက်တဲ့ ပုဒ်မ ၁၈ မှာ ငွေဒဏ်အပြစ် ပေးလို့ရလျက်နဲ့ ထောင်ဒဏ်ချမှတ် လိုက်တာဟာ တရားမျှတမှုမရှိဘူးလို့ ကိုဒီငြိမ်းလင်းရဲ့ဖခင် ၈၈မျိုးဆက် ကိုဇော်ဇော်မင်းက ဆိုပါတယ်။ ကိုဒီငြိမ်းလင်းတို့ကို ကြည့်မြင့်တိုင်မြို့နယ်က အမိန့်ချတာအပြင် စမ်းချောင်းနဲ့ အလုံမြို့နယ်က တရားရုံးတွေကနေ ပုဒ်မ ၁၈နဲဆွဲထားတဲ့အမှုတွေကို မကြာခင်မှာ အမိန့်ထပ်ချဖို့ရှိနေပါသေးတယ်။

အခုချမှတ်တဲ့ပြစ်ဒဏ်တွေအတွက် ရှေ့နေနဲ့တိုင်ပင်ပြီး အယူခံဝင်သင့်ရင် ဝင်မယ်လို့ ကိုဇော်ဇော်မင်းက ပြောပါတယ်။

ကိုဒီငြိမ်းလင်းတို့ကို ၂၀၁၂ ဇန်နဝါရီလတုန်းက လွှတ်ပေးတုန်းက ပုဒ်မ ၄၀၁ နဲ့လွှတ်ပေးလိုက်တာမို့ အဲဒီပုဒ်မအရ ကျန်ရှိတဲ့ အပြစ်ဒဏ်တွေ ပေါင်းပြီးခံရမယ်မခံရဘူးဆိုတာကတော့ ကာယကံရှင်တွေကိုတိုင် ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ဆိုပါတယ်။

ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ်အပြစ်ပေးခံရသူ တွေကို နိုင်ငံရေး အကျဉ်းသားတွေ အဖြစ် စာရင်းသွင်းထားပြီး နောက်လာမယ့် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်တဲ့ အစည်းဝေး တွေမှာ တင်ပြသွားမယ်လို့ နိုင်ငံရေး အကျဉ်းသား စီစစ်ရေး ကော်မတီဝင် ဦးရဲအောင်က ဘီဘီစီကို ပြောပါတယ်။ အခု ထောင်ထဲမှာ ကို ဒီငြိမ်းလင်းတို့ ၆ ဦးနဲ့ဆိုရင် နိုင်ငံရေး အကျဉ်းသား ၇၃ ဦး စာရင်း လက်ကျန် ရှိနေသေးတယ် လို့ လည်း ဦးရဲအောင်က ပြောပါတယ်။

အခုဆက်ပြီးတော့လည်း ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတဲ့ အမှုတွေက အများအပြားကျန်နေသေးတာမို့ ဒီဥပဒေနဲ့ဆက်စွဲရင် နိုင်ငံရေးအကျဉ်းသားဆိုတာ ကုန်နိုင်မှာမဟုတ်လို့ ဒီပုဒ်မကိုပယ်ဖျက်ဖို့လိုတဲ့အကြောင်း ကော်မတီအနေနဲ့ တင်ပြထားတယ်လို့လည်း သူကဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ကလည်း ကုန်ဈေးနုန်းကျဆင်းရေးအဖွဲ့က ကိုထင်ကျော်နဲ့ ဦးဇော်ဝင်းတို့ကို ပန်းပဲတန်းတရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ်တွေ အပြစ်ပေးခဲ့ပါသေးတယ်။