အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုပပျောက်ရေး

violencia_domestica
Image caption အမျိုးသမီးထု အပေါ် အကြမ်းဖက်မှု ဆန့်ကျင်

ဒီကနေ နိုဝင်္ဘာလ ၂၄ ရက်နေ့ဟာ နိုင်ငံတကာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေး နေ့ဖြစ်ပါတယ်။ ဒီနှစ် အတွက် ကုလသမဂ္ဂ ရဲ့ ဆောင်ပုဒ် အရ အမျိုးသမီးထု အပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး လှုပ်ရှားမှု တွေ ကိုလည်း ဒီကနေ့ က စလို့ ဒီဇင်္ဘာ ၁ဝ ရက် လူ့အခွင့်အရေး နေ့ အထိ ဖေါ်ဆောင်ဖို့ ရှိပါတယ်။

အဲဒီ အတွက် မြန်မာနိုင်ငံမှာလည်း အိမ်တွင်း ငြိမ်းချမ်းရေး မှ သည် ငြိမ်းချမ်းသော ကမ္ဘာဆီ သို့ ဆိုတဲ့ ဆောင်ပုဒ် အရ အမျိုးသမီးထု အပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး လှုပ်ရှားမှု တွေ ကိုလည်း ၁၆ ရက် ပြုလုပ်မဲ့ အကြောင်း၊ ဒီ ကနေ့ ကမ္ဘာကြီးဟာ နိုင်ငံတွေ နဲ့ တည်ဆောက်ထားလို့ နိုင်ငံထဲမှာ တိုင်း နဲ့ ပြည်နယ်၊ ဒီအထဲမှာ အိမ်ထောင်စု က အသေးဆုံး အဆင့်မှာ ရှိတယ်ဆိုပေမဲ့၊ ငြိမ်းချမ်းတဲ့ အိမ်ထောင်တွေ စုလို့ ရမှသာ ငြိမ်းချမ်းတဲ့ ကမ္ဘာ အဆင့် တိုင် တည်ဆောက်လို့ ရနိုင်မဲ့ အကြောင်း မြန်မာ အမျိုးသမီးများ ကွန်ရက် အဖွဲ့ဝင် လည်းဖြစ်၊ ကရင် အမျိုးသမီး ဖွံ့ဖြိုးရေး အဖွဲ့ ညွှန်ကြားရေးမှူး ဒေါ် စူဇန်နာ လှလှစိုး က ဘီဘီစီ ကို ပြောပါတယ်။

တဖက် ကနေ ပညာပေးနေသလို အိမ်တွင်း အကြမ်းဖက်မှု ကို အကာအကွယ်ပေးတဲ့ အစီအစဉ် အနေနဲ့ ဥပဒေပိုင်း အရ ကာကွယ်ဖို့ ရှေ့နေတွေ နဲ့ ဖွဲ့ထားတဲ့ အဖွဲ့ရှိတဲ့ အကြောင်း၊ ဆက်သွယ် အကူအညီတောင်းတဲ့ အမျိုးသမီးတွေ ကိုလည်း၊ လူမျိုးမရွေး ဘာသာမရွေး၊ ဥပဒေပိုင်း ဆိုင်ရာ အမှုတွေ ကို အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးကြောင်း၊ ရှင်းပြပါတယ်။

ဒုက္ခရောက်၊ ခိုကိုးရာမဲ့ အမျိုးသမီး တွေ ကို ခို့လှုံခွင့် ပေးရေး အပိုင်းမှာ တော့ ရံပုံငွေ အရရော၊ လက်တွေ့ နည်းပညာပိုင်း မှာပါ ခိုင်မာမှု မရှိတဲ့ အကြောင်း၊ အစိုးရ လူမှုဝန်ထမ်း အဖွဲ့တွေ၊ လူမှုရေး အသင်းအဖွဲ့ တွေ ပူးပေါင်းဆောင်ရွက်မှု ရှိပေမဲ့ တိုင်း၊ မြို့နယ် နဲ့ ရပ်ကွက် အဆင့်တွေ မှာ နားလည်မှု နည်းပါးတာ တွေ့ရကြောင်းပါ၊ မြန်မာ အမျိုးသမီးများ ကွန်ရက် အဖွဲ့ဝင် လည်းဖြစ်၊ ကရင် အမျိုးသမီး ဖွံ့ဖြိုးရေး အဖွဲ့ ညွှန်ကြားရေးမှူး ဒေါ် စူဇန်နာ လှလှစိုး က ဘီဘီစီ ကို ရှင်းပြ ပါတယ်။