ရန်ကုန်မြို့ကို ဇုန်သတ်မှတ်မယ်

yangon
Image caption အဆောက်အအုံမျိုးစုံနဲ့ လှပတဲ့ ရန်ကုန်

ရန်ကုန် မြို့တော် စည်ပင်က ကြီးမှူးပြီး မြို့နယ် အလိုက် မြေအသုံးချ ဇုန်သတ်မှတ်မှုနဲ့ အဆောက်အအုံ အမြင့် သတ်မှတ်ရေး ပြည်သူ့ ဆွေးနွေးပွဲ ကို အင်္ဂါနေ့ နေ့လယ်က ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ခေတ်ပြောင်းလာတာနဲ့ အမျှ မြို့ပြ အဆင့်အတန်း ထိန်းသိမ်းမှုမှာ လျော့ရဲ လာတာတွေ ရှိသလို အဆောက်အဦကြီးတွေလည်း အများအပြား တိုးချဲ့ ဆောက်လာကြပြီမို့ မြို့ပြ မြင်ကွင်းမှာ အကျည်းတန်မှုတွေ မဖြစ်ရအောင် စနစ်တကျ ကန့်သတ် ခွင့်ပြုရေး အတွက် ဇုန်သတ်မှတ်ဖို့ လိုနေပြီလို့ အစည်းအဝေးမှာ တက်ရောက် ရှင်းလင်း ခဲ့တဲ့ ရန်ကုန် Heritage Trust အဖွဲ့က ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောပါတယ်။

ရန်ကုန် မြို့လယ် ၆ မြို့နယ် နဲ့ ဆိပ်ကမ်း၊ ကြည့်မြင်တိုင် ၊ အလုံ၊ ဒဂုံ ၊ ဗဟန်း၊ တာမွေ စတဲ့ မြို့နယ် ၁၈ ခုမှာ မြို့ပြ ဇုန်တွေ ဖွဲ့စည်းသတ်မှတ်ဖို့ ရန်ကုန် စည်ပင်နဲ့ ပြင်ပ အဖွဲ့အစည်းတွေ၊ တက္ကသိုလ် နဲ့ ဗိသုကာ အသင်းတို့ တိုင်ပင်ပြီး အကြမ်းဖျဉ်း သတ်မှတ်ကြတယ်လို့ ဒေါ်မိုးမိုးလွင်က ဆက်ပြောပါတယ်။

ရန်ကုန်နဲ့ မြို့ကြီးတွေ အတွက် မြို့ပြ စီမံကိန်း ဥပဒေတွေ ပေါ်လာဖို့ ကြိုးစားရမှာ ဖြစ်ပြီး လောလောဆယ် မှာတော့ စည်ပင်က အမိန့်ကြေညာချက် ထုတ်ပြီး လိုအပ်တဲ့ စည်းမျဉ်းတွေ သတ်မှတ် နိုင်ပါတယ်။

ရှေးဟောင်း အဆောက်အအုံ နည်းပါးတဲ့ ရန်ကုန်မြို့ မြောက်ပိုင်းနဲ့ မြို့ပြ တိုးချဲ့ နေတဲ့ နေရာတွေမှာ အထပ်မြင့် အဆောက်အအုံတွေ တိုးပြီး ဆောက်သွားဖို့ ခွင့်ပြု နိုင်တယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ