တရုတ်အလံကို မီးရှို့ဆန္ဒပြသူ ရန်ကုန်မှာ အဖမ်းခံရ

Image caption ကြေးနီစီမံကိန်းကို ကန့်ကွက်ကြသူများ။

နိုဝင်ဘာ ၂၉ ရက်နေ့က ရန်ကုန်က တရုတ် သံရုံးရှေ့မှာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက်တဲ့ အနေနဲ့ တရုတ် အလံကို မီးရှို့ ဆန္ဒပြခဲ့တဲ့ မျိုးဆက်သစ် လူငယ်များအဖွဲ့(GY) က ကိုတင်ထွဋ်ပိုင်ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အာမခံ မပေးဘဲ ဖမ်းဆီး လိုက်ပါတယ်။

ကိုတင်ထွဋ်ပိုင်ကို ဒီဇင်ဘာ ၃ ရက် မနေ့ညက ဒဂုံရဲစခန်းက ဖမ်းဆီးသွားပြီး ဒီမနက်မှာ ရုံးတင်စစ်ဆေးပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။ ဒီမနက် ရုံးထုတ်ချိန်မှာ ကိုတင်ထွဋ်ပိုင်ကို မိသားစုက တွေ့ခွင့်မရခဲ့ကြောင်း ကိုတင်ထွဋ်ပိုင်ရဲ့ မိခင် ဒေါ်ငယ် ပြောပါတယ်။

ကိုတင်ထွဋ်ပိုင်ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ ခ နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ဒဂုံရဲစခန်းကို ဆက်သွယ်မေးကြည့်ရာမှာ တာဝန်ကျ ရဲအရာရှိက သူ့အနေနဲ့ ပြောရခက်တယ်လို့ ဆိုပါတယ်။

ရှေ့နေကြီး ဦးအောင်သိန်းကတော့ တခြားနိုင်ငံရဲ့ အလံကို မီးရှို့တာနဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုတဲ့ ပုဒ်မနဲ့ စွဲဆိုတာဟာ အစိုးရသစ် လက်ထက်မှာ ထူးဆန်းတဲ့ ပုဒ်မ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပုံစံနဲ့ ဒီမိုကရေစီကို သွားဖို့ မလွယ်ဘဲ အခုကိစ္စဟာ တရုတ်အလံကို မီးရှို့လို့ တရုတ် ကျေနပ်အောင် ထောင်ချပြတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

ကိုတင်ထွဋ်ပိုင်ကို ဖမ်းဆီးတာနဲ့ ဆက်စပ်ပြီး အဲဒီနေ့က ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက်က ကိုအောင်စိုးနဲ့ ဒေါ်နော်အုံးလှ တို့ကိုလည်း ရဲက အလိုရှိတယ်ဆိုလို့ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ