မြန်မာ ဖိလစ်ပိုင် နားလည်မှု စာချွန်လွှာ ထိုးဖို့ရှိ

Burmese President U Thein Sein arrives at Philippines airport.
Image caption မြန်မာ သမ္မတကို ဖိလစ်ပိုင် ဂုဏ်ပြု တပ်ဖွဲ့နဲ့ ကြို

အစိုးရသစ် တက်လာပြီးတဲ့နောက် မြန်မာ နိုင်ငံ အကြီးအကဲ တစ်ယောက်ရဲ့ ပထမဆုံး ဖိလစ်ပိုင် နိုင်ငံ ခရီးစဉ်အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင် နိုင်ငံကို ဗုဒ္ဓဟူးနေ့က ရောက်ရှိ သွားပါတယ်။

ဖိလစ်ပိုင် သမ္မတရဲ့ တရားဝင် ဖိတ်ကြားချက် အရ သွားရောက်တဲ့ သုံးရက်ကြာ ခရီးစဉ် အတွင်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာတွေ လက်မှတ် ရေးထိုးဖို့ အစီအစဉ် ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံ မနီလာ မြို့တော်ရှိ မြန်မာ သံရုံးက ဒုတိယ အတွင်းဝန် ဦးထွန်းနောင်က ပြောပါတယ်။

ဘယ်လို စာချွန်လွှာတွေ ဆိုတာ အတိ အကျ မပြောနိုင် သေးပေမဲ့ စိုက်ပျိုးရေးနဲ့ ပြန်ကြားရေး ဆိုင်ရာ တွေ ဖြစ်လိမ့်မယ်လို့ သိရကြောင်း သူက ပြောပါတယ်။

ဖိလစ်ပိုင်မှာ နိုင်ငံတော် အခမ်း အနားတွေ တက်ရောက်ပြီး အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဖို့ ရှိတဲ့ အပြင် ဆန်စပါး သုတေသန ဌာနကို သွားရောက်ဖို့ရှိတယ်လို့ ဦးထွန်းနောင်က ပြောပါတယ်။

ဒါ့အပြင် မကြာသေးခင်က ဟိုင်ယန် မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ နေရာ တချို့ကိုလည်း သမ္မတ ဦးသိန်းစိန် သွားရောက် ကြည့်ရှုမယ်လို့ ဆိုပါတယ်။

သမ္မတနဲ့ အတူ ဝန်ကြီး အဖွဲ့ဝင် တချို့နဲ့ တခြား ကိုယ်စားလှယ်တွေနဲ့ အတူ ကျန်းမာရေး ဆိုင်ရာ ဆေးပညာရှင် ၁၀ ယောက်လောက် ပါတဲ့ အဖွဲ့လည်း လိုက်ပါ လာတယ်လို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံက မုန်တိုင်းသင့် ပြည်သူတွေ အတွက် ငွေကြေး အကူအညီနဲ့ ကယ်ဆယ်ရေး အထောက်အကူ ပစ္စည်းတွေ ကူညီပေးထားခဲ့ပြီး ဖြစ်တဲ့ အပြင် အခု ဆေးပညာရှင်တွေ အဖွဲ့က မုန်တိုင်းသင့် ဖိလစ်ပိုင် ပြည်သူတွေရဲ့ ကျန်းမာရေး လိုအပ်ချက်တွေကို ဖိလစ်ပိုင် အစိုးရဘက်က လိုအပ်တဲ့ အချိန်အထိ ကူညီ ပေးသွားမယ်လို့ သံရုံး အရာရှိက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ