မိကျောင်းကန်မှာ လုံခြုံရေးတွေ ချထားလို့ စိုးရိမ်နေ

Michaungkan Protests Photo by Ko Thein Aung Myint
Image caption မိကျောင်းကန် ဆန္ဒပြသူများ

အစိုးရ သိမ်းထားတဲ့ ဘိုးဘွားပိုင် မြေတွေ ပြန်ပေးဖို့ လွန်ခဲ့တဲ့ ၁၀ ရက်က စတင် သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေတဲ့ မိကျောင်းကန် သပိတ်စခန်း ပတ်၀န်းကျင်မှာ အခြေအနေ တင်းမာနေ ပါတယ်။

သင်္ဃန်းကျွန်း မြိုနယ် မိကျောင်းကန် ရပ်က မြစာရံ အေးစေတီရှေ့မှာ ဆန္ဒပြသူတွေ သပိတ် စခန်းဖွင့် ထားတဲ့နေရာကို လက်နက် အပြည့်အစုံနဲ့ စစ်သားတွေ အပါအဝင် လုံထိန်း ရဲတွေ တိုးချလိုက် တာကြောင့် ရုတ်ရုတ် သဲသဲ ဖြစ်သွားခဲ့ ပါတယ်။

လုံခြုံရေးတွေ အင်နဲ့အားနဲ့ ချထားတဲ့ အတွက် ပြည်သူတွေ အထိတ်တလန့် ဖြစ်နေ ပေမဲ့ ဒါဟာ အရှေ့တောင် အာရှ အားကစားပွဲတော် ဆီးဂိမ်းမ်း အတွက် အတွက် လုံခြုံရေး တိုးမြှင့်တာသာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း လုံခြုံရေး ဝန်ကြီး ဦးတင်ဝင်းက ပြောပါတယ်။

မိကျောင်းကန်က အသိမ်းခံ မြေယာ ကိစ္စနဲ့ ပတ်သက်လို့တော့ အဲဒီမြေတွေဟာ အစိုးရပိုင်မြေတွေသာ ဖြစ်တယ်၊ အခု တောင်းဆိုနေသူတွေက ကျူးကျော်သူတွေ ဖြစ်ပြီး မြေယာ ပိုင်ဆိုင်ကြောင်း အထောက်အထားတွေ ပြနိုင်ရင် ပြဖို့ ပြောထားပေမဲ့ သူတို့ဘက်က မပြနိုင်ကြဘူးလို့ ဦးတင်ဝင်းက ပြောပါတယ်။

ဆန္ဒပြသူတွေ ကတော့ လုံခြုံရေးတွေ တိုးချတာဟာ သူတို့ကို ဖြိုခွင်းမယ်လို့ ထင်နေကြပြီး နှလုံးရောဂါ အခံရှိတဲ့ အသက်ကြီးသူ သုံးယောက်ကို ဆေးရုံပို့လိုက်ရတယ်လို့ ပြောပါတယ်။

ဆီးဂိမ်းအတွက် လုံခြုံရေး ချမယ် ဆိုရင် သူတို့ကို ကြိုပြောသင့်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်နေတဲ့ မမေနွယ်သန်းက ပြောပါတယ်။

မိကျောင်းကန် အပိုင်း ၁၊ ၂ ၊ ၃ က ဒေသခံ တွေက ၁၉၉၁ ခုနှစ်က သူတို့မြေတွေကို တပ်မ ၂၂က အဓမ္မ သိမ်းယူခဲ့တယ် ဆိုပြီး ပြန်ရဖို့ ၉ ကြိမ်မြောက်ထိ ဆန္ဒပြခဲ့ ပါတယ်။

အောက်တိုဘာလ ကလည်း မြို့တော်ခမ်းမ ရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့လို့ ရန်ကုန် မြို့တော်ဝန်ဟောင်း လွှတ်တော် အမတ် ဦးအောင်သိန်းလင်းနဲ့ အလုံ လွှတ်တော် အမတ် ဦးခိုင်မောင်ရီတို့က ဆန္ဒပြ ခေါင်းဆောင်တွေနဲ့ ညှိနိုင်းပြီး လွှတ်တော်ကို တင်ပြဆွေးနွေး နေပါတယ်။

အဲဒီမြို့တော်ခမ်းမရှေ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ဦးစိန်သန်းနဲ့ ဦးကျော်လွင် တိုကတော့ ပုဒ်မ ၁၈ နဲ့တရားစွဲပြီး ပြီးခဲ့တဲ့ တစ်ပတ်က အလုပ်ကြမ်းနဲ့ ထောင်ဒါဏ် ၃လ ချမှတ် ခံထားရ ပါတယ်။

အခု ဆန္ဒပြနေသူတွေက သူတို့ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ တောင်းဆိုနေပြီး သူတို့မြေတွေအတွက် ညှိနိုင်းမှုတစုံတရာ မရမချင်း သပိတ်စခန်းကို ဆက်ဖွင့်ထားဦးမယ်လို့ ပြောပါတယ်။