၂၀၁၃ မှာ တနိုင်ငံလုံး အပစ်ရပ် ကြေညာဖို့ မလွယ်

Naing Han Tha
Image caption အပစ်ရပ် ရေး အတွက် အချိန်တခုတော့ ယူရမယ် လို့ နိုင်ဟံသာ ကဆို

ဒီဇင်ဘာ လလယ် ကျရင် ဖားအံမြို့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပဖို့ အစီအစဉ် ရှိပေမယ့် တိုင်းရင်းသား အဖွဲ့တွေ ကြားမှာ နောက်ထပ် ညှိနှိုင်းမှု တွေလုပ်ဦးမှာ ဖြစ်တဲ့ အတွက် ဖားအံဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်း ရတော့မှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ဆန်းတုန်းက ထွက်ပေါ်လာခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လိုင်ဇာ သဘောတူညီချက် နောက်ပိုင်းမှာ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ မြစ်ကြီးနားမြို့မှာ ပထမဆုံးအကြိမ် စုပေါင်း တွေ့ဆုံဆွေးနွေး နိုင်ခဲ့ပြီး အပစ်ရပ်ရေးနဲ့ ပတ်သက်လို့ နှစ်ဘက်အဆိုပြုချက် တွေကို အပြန်အလှန် တင်ပြခဲ့ ကြပါတယ်။

အစိုးရရဲ့ အဆိုပြုချက် တွေနဲ့ပတ်သက်ပြီး အရင် တဖွဲ့ချင်း အပစ်ရပ် သဘောတူညီချက် တွေလုပ်ခဲ့တုန်းက မပါခဲ့တဲ့ အချက်တွေကို ထည့်သွင်း လာတဲ့အတွက် တိုင်းရင်းသား တွေဘက်က သဘောမတူ နိုင်ဘူးလို့ လိုင်ဇာ ညီလာခံ အပြီးမှာ တိုင်းရင်းသားတွေဘက်က ကိုယ်စားပြုညှိနှိုင်းဖို့ ဖွဲ့စည်း လိုက်တဲ့ NCCT အဖွဲ့ရဲ့ခေါင်းဆောင် နိုင်ဟံသာ ကပြောပါတယ်။

အဲဒီအထဲမှာ လက်နက်ကိုင် လမ်းစဉ်စွန့်လွှတ်ရေး၊ တပ်အင်အား မတိုးချဲ့ရေး၊ အပစ်ရပ်နယ်မြေမှာ လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ချထားရေး၊ အခွန်မကောက်ရေး စတာတွေပါဝင်တယ်လို့ သူက ဆိုပါတယ်။

တိုင်းရင်းသားတွေ ဖက်ကလည်း သူတို့ရဲ့တောင်းဆိုချက် တွေ အပါအဝင် အဆိုပြုချက်တွေနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက် မူကြမ်းတရပ်ကို နိုဝင်ဘာလလယ်တုန်းက ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ ရေးဆွဲ ခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှာ ပြန်လည်တင်ပြ နေကြပါတယ်။

ဆွေးနွေးနေဆဲ ဖြစ်တဲ့အတွက် အဲဒီ တောင်းဆိုချက်တွေထဲမှာ ဘာတွေပါတယ် ဆိုတာ မပြောပြနိုင်သေးကြောင်းနိုင်ဟံသာကပြောပါတယ်။

အဲဒီ ဘုံရပ်တည်ချက်ကို သဘောတူနိုင်ဖို့ အတွက် ကရင်အမျိုးသားအစည်းအရုံး အဖွဲ့ (KNU) ထိန်းချုပ်တဲ့နယ်မြေမှာ နောက်ထပ် ညီလာခံ တရပ် ကျင်းပဖို့လည်း တိုင်းရင်းသား တွေက ပြင်ဆင် နေပါတယ်။

အဲဒီညီလာခံ ကျင်းပမယ့် ရက်ကိုလည်း မသတ်မှတ် ရသေးဘဲ ဒီဇင်ဘာ လလယ် မှာတော့ဖြစ်နိုင်လိမ့်မယ်လို့ နိုင်ဟံသာက ဆိုပါတယ်။

အဲဒီနောက်ပိုင်းမှာ ခရစ်စမတ် ပွဲတော် ကာလ ကျရောက်လာမှာ ဖြစ်တဲ့အတွက် အစိုးရနဲ့ တွေ့ဆုံမယ့် အချိန်ဟာ ဇန်နဝါရီလ အထိ ရွှေ့ဆိုင်း သွားစရာ အကြောင်းရှိတယ်လို့ နိုင်ဟံသာက ပြောပါတယ်။