နိုင်ငံတကာ ရဲတပ်ဖွဲ့က မြန်မာကို ကူညီ

Image caption Interpol ရုံး အဆောက်အဦကြီးကို ခမ်းနားစွာ တွေ့မြင်ရ

နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol အဖွဲ့က လုံခြုံရေး ၊ လူ၀င်မှု စီစစ်ရေး တို့အတွက် မြန်မာ နိုင်ငံကို ပထမဆုံး အကြိမ် အကူအညီတွေ ပေးနေပါတယ်။

အခုလဆန်းကစပြီး စက်ကိရိယာတွေနဲ့ အတူ နိုင်ငံတကာ ရဲတပ်ဖွဲ့က အရာရှိတွေ မြန်မာ နိုင်ငံကို လာရောက်ပြီး သင်တန်းပို့ချ ကူညီပေးတာတွေ ရှိနေကြောင်းကို မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံ ဖြတ်ကျော် မှုခင်း ဌာနက ရဲမှူးချုပ် ဦးစိုးမြိုင်က ပြောပါတယ်။

IMEST ဆိုတဲ့ အခမ်းအနားတွေမှာ လုံခြုံရေး အကူအညီပေးတဲ့ စက်ကိရိယာတွေ ၊ ရွေ့ပြောင်းလို့ရတဲ့ စက်တွေကို နေရာ ကိုးနေရာမှာ ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း ၊ အခုတော့ ရန်ကုန် ၊ နေပြည်တော်နဲ့ မန္တလေး တို့မှာ ရထားပြီးပြီ ဖြစ်ကြောင်းနဲ့ နောက်ထပ် မူဆယ် ၊ စစ်တွေ တို့ အတွက် ထပ်တောင်းထားကြောင်း ရဲမှူးချုပ်က ဆိုပါတယ်။

ဒါ့အပြင် ကျွမ်းကျင်သူ ခြောက်ယောက်ကို သူတို့ဆီက စေလွှတ်သင်တန်းပို့ချပေးနေကြောင်းလဲ သိရပါတယ်။

နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ သတင်းအချက်အလက်တွေ နောက်ပိုင်းမှာ ခွဲဝေ အသုံးချသွားဖို့ ရှိကြောင်းကိုလည်း သူက ရှင်းပြသွားခဲ့ပါတယ်။