ဆီးဂိမ်းမှာ တိုက်ခိုက်မယ် ဆိုတာ မဟုတ်ကြောင်း ကေအိုင်အေ ငြင်း

Sea Games in Burma
Image caption ဆီးဂိမ်းစ် အတွက် လုံခြုံရေးတွေ အတတ်နိုင်ဆုံး လုပ်ထားတယ်လို့ အစိုးရဘက်ကဆို

မြန်မာ အစိုးရ ရုံးစိုက်ရာ နေပြည်တော်က မြို့မစျေးမှာ စျေး တာဝန်ခံက ကေအိုင်အေ အဖွဲ့က ဆိုတဲ့ အကြမ်းဖက် သမား သုံးယောက်နဲ့ ပတ်သက်တဲ့ အချက် အလက် တချို့ကို ရေးထားတဲ့ အသိပေး ကြေညာချက် ထုတ်ပြန်ထား ပါတယ်။

ဒီတော့ ဒီအသိပေးချက်နဲ့ ပတ်သက်လို့ သူတို့ကို ချပြ ထားတာတော့ ရှိပေမဲ့ နောက်ထပ် အသေးစိတ် အချက် အလက်တွေကိုတော့ မသိရသေးဘူးလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့က ဒုတိယ ရဲမှူးကြီး ဦးမင်းအောင်က ပြောပါတယ်။

ကေအိုင်အို ဘက်ကတော့ အခု အသိပေး ကြေညာချက်မှာ ပါတဲ့ ဆီးဂိမ်း ပြိုင်ပွဲကာလ အတွင်းမှာ ကေအိုင်အေ အဖွဲ့ဝင် သုံးယောက်က အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ရှိတယ် ဆိုတာနဲ့ ပတ်သက်လို့ လုံးဝ မဟုတ်ကြောင်း ငြင်းဆို ပါတယ်။

ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့ရဲ့ Technical Team လုပ်ငန်းပိုင်း ဆိုင်ရာ အဖွဲ့ ခေါင်းဆောင် ဦးဒေါင်ခါးက မြန်မာ နိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ လုပ်နေတဲ့ အခင်း အကျင်းမှာ ကေအိုင်အို အနေနဲ့ ဖျက်လို ဖျက်ဆီး လုပ်လိုတဲ့ သဘော မရှိဘူးလို့ ပြောပါတယ်။

အခုလို လုပ်ရပ်ကြောင့် အစိုးရနဲ့ ကေအိုင်အိုကြား လက်ရှိ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေကို တိုက်ရိုက် ထိခိုက်မှု မရှိပေမဲ့ နောင် ပြုလုပ်မယ့် ဆွေးနွေး ညှိနှိုင်းမှုတွေ အပေါ် နိုငငံတကာက အထင် အမြင် လွဲမှားမှု ရှိနိုင်တယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။

နေပြည်တော် နယ်မြေထဲမှာ တိုက်ခိုက်မှု လုပ်မယ် ဆိုတဲ့ ကိစ္စဟာ ကေအိုင်အို ကိုသာမက အစိုးရရဲ့ ဂုဏ်သိက္ခာ ကိုပါ ထိခိုက် နိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ