ရိုဟင်ဂျာတွေကို ထိုင်း လူကုန်ကူးမှု ပြုနေ

rohingya_thai_myanmar
Image caption ထိုင်းမှာ အဖမ်းခံ နေရတဲ့ ရိုဟင်ဂျာများ

မြန်မာပြည်က ထွက်ပြေး ရောက်ရှိလာတဲ့ ရိုဟင်ဂျာ လှေစီး ဒုက္ခသည် တွေကို ထိုင်း ထိန်းသိမ်းရေး စခန်းတွေ ကနေ လူမှောင်ခို သမားတွေ လက်ထဲကို ထိုင်း အာဏာပိုင်တွေက ရောင်းစား နေတာတွေ ရှိတယ်ဆိုပြီး အမေရိကန် နဲ့ ကုလ သမဂ္ဂ ၂ လကြာ လေ့လာ ပြီး မကြာခင် က အစီရင်ခံစာ ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။

ဒီ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေး ဌာန က အမေရိကန်၊ ကုလသမဂ္ဂ တို့နဲ့ ပူးတွဲ စုံစမ်း ဖော်ထုတ်မယ်လို့ ထိုင်းဝန်ကြီးချုပ် ရင်းလတ် ချင်နာဝပ်က မနေ့က ကြေညာခဲ့ပါတယ်။

ဒီ လူမှောင်ခိုကူးမှုတွေ ဖြစ်ပွားနေတာ ဟာ နှစ်တွေ နဲ့ ချီပြီး ကြာခဲ့ ပြီလို့ စုံစမ်း သုတေသန ပြု နေတဲ့ ဘန်ကောက် မြို့ ချူလာလောင်ကွန် တက္ကသိုလ် အရှေ့တောင် အာရှ လေ့လာရေး ဌာနက မစ္စတာ အက္ကနက် ဝါတာနာ ဆုမ်ဘတ် က ဘီဘီစီ ကို ပြောပါတယ်။ ဒီ အခြေအနေတွေ ကို ထိုင်းအစိုးရ က သိပေမယ့် လက်ရှိ အခြေအနေ မှာ အမေရိကန်က ထိုင်းကို လူမှောင်ခိုကူးမှု စောင့်ကြည့် အဆင့် ၂ မှာ ထည့်ထားလို့ တောက်လျှောက် ငြင်းဆန်နေခဲ့ တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ထိန်းသိမ်းရေး စခန်းတွေကို ရောက်လာတဲ့ ရိုဟင်ဂျာတွေ ကို ပြန်လိုက်ခဲ့ ဖို့ မှောင်ခိုသမားတွေက အယုံသွင်းတယ်၊ ပြီးတော့ အာဏာပိုင်တွေကို လာဘ်ထိုးပြီး ဒီလူတွေ ကို ခေါ်ဆောင်သွားတယ်၊ အာဏာပိုင်တွေ က ဒီ ရိုဟင်ဂျာတွေ လွတ်မြောက် သွားပြီ လို့ အထက် ကို အစီရင်ခံ တဲ့ အကြောင်း၊ မြန်မာ နိုင်ငံ က အဓိကရုဏ်းတွေ ကြောင့် ထိန်းသိမ်းရေး စခန်းတွေ ကို ဒုက္ခသည် အသစ်တွေ နေ့စဉ်လို ရောက်ရှိ လာနေတာ ဖြစ်တယ် လို့ ရှင်းပြ ပါတယ်။

ထိုင်း မှာ ဒီလို လူမှောင်ခိုကူးတဲ့ လူပြန်ပေး စခန်းတွေ ဘယ်လောက် ရှိလဲ သေချာ မသိရပေမယ့် ပြန်ပေးဆွဲ ငွေညှစ် ခံရသူ ထောင်ချီ ရှိနိုင်တယ်လို့ သူက ဆိုပါတယ်။ ဒီလူတွေကို ကျွန်းတွေနဲ့ တောထဲက စခန်းတွေမှာ ထိန်းသိမ်းပြီး ငွေညှစ်တာ၊ ငါးဖမ်းလှေတွေပေါ် ရောင်းစား တာတွေ ရှိတယ်လို့ မစ္စတာ ဝါတာနာ ဆုမ်ဘတ် က ပြောပါတယ်။

ထိုင်း ဒုတိယ ဝန်ကြီးချုပ်ကို တာဝန်ပေး ဆောင်ရွက်စေ ပေမယ့် အခြေအနေ က သိသာ ဖြစ်ထွန်းမှု မရှိတဲ့ အတွက် ကုလ သမဂ္ဂ သတိပေးချက် ထွက်လာပြီးနောက် ဘာအပြောင်းအလဲတွေ ဖြစ်လာမလဲ စောင့်ကြည့် ရမယ်လို့ ဆိုပါတယ်။

ဒီကိစ္စကို အရေးယူ ဖြေရှင်းမှု မရှိရင်တော့ လာမယ့် ဇွန်လမှာ အမေရိကန်က ထိုင်းနိုင်ငံကို လူမှောင်ခိုကူးမှု အခြေအနေ ဆိုးရွားတဲ့ နိုင်ငံ အနေနဲ့ အဆင့် ၃ ထိ နှိမ့်ချပြီး စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု တွေ ဖြစ်လာနိုင်တဲ့ အထိ ဆိုးရွား သွားနိုင်ပါတယ်။ အဲဒိ အဆင့်က မြောက်ကိုရီးယား၊ အီရန်တို့ နဲ့ အဆင့်တူ ဖြစ်ပါတယ်။

ဒီလို ဒေသတွင်း မှာ ပြဿနာကြီး ဖြစ်လာနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ အရေး အမြန်ဆုံး ပပျောက်ဖို့ အတွက် ထိုင်းနဲ့ မြန်မာ အစိုးရချင်း ပူးပေါင်း အဖြေရှာဖို့ သင့်ပြီ လို့လည်း မစ္စတာဝါတာနာ ဆုမ်ဘတ်က ပြောကြား သွားပါတယ်။