ထားဝယ် စီမံကိန်းမှာ နိုင်ငံတကာ စံ အတိုင်း ရင်းနှီး ကြဖို့လို

Dawei Deep Sea Project
Image caption ထားဝယ် စီမံကန်းမှာ ဂျပန် လာရောက် ရင်းနှီးဖို့ မြန်မာ လိုလား

ထားဝယ် စီမံကိန်းမှာ လာရောက် ရင်းနှီး ကြမယ့်သူ တွေဟာ နိုင်ငံတကာ စံချိန် စံညွှန်းနဲ့အညီ လုပ်ဆောင် ဖို့နဲ့ ဒေသခံတွေ ထိခိုက် နစ်နာမှု တွေကို အလေးထားဖို့ ထားဝယ်ဖွံ့ဖြိုးရေး အဖွဲ့က တိုက်တွန်းလိုက် ပါတယ်။

ဗုဒ္ဓဟူးနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ စာထဲမှာ ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့က အခုလို ပြောတာပါ။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ကနေ ၁၅ ရက်နေ့ အထိ ဂျပန် နိုင်ငံမှာ ကျင်းပမယ့် အာဆီယံနဲ့ ဂျပန် ထိပ်သီး ဆွေးနွေးပွဲမှာ ဘေးထွက် ဆွေးနွေးပွဲ အဖြစ် ထားဝယ်စီမံကိန်း အကြောင်းကို အနေနဲ့ ထိုင်း၊ မြန်မာနဲ့ ဂျပန်အစိုးရတို့ ဆွေးနွေး ကြဖို့ ရှိတယ်လို့ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က ပြောပါတယ်။

ထားဝယ်ဖွံ့ဖြိုးရေး အဖွဲ့က တာဝန်ရှိသူ ကိုရဲက ဂျပန် ကုမ္ပဏီ တစ်ခုနဲ့ ထိုင်း လျှပ်စစ် ထုတ်လုပ်ရေး ဌာန တစ်ခုတို့က ထားဝယ် စီမံကိန်းမှာ ကျောက်မီးသွေး လျှပ်စစ် ဓါတ်အားပေး စက်ရုံ ဆောက်ဖို့နဲ့ ထားဝယ် စီမံကိန်းမှာ ဂျပန် လာရောက် ရင်းနှီးမြုပ်နှံဖို့ စီမံကိန်း ပိုင်ရှင်တွေ ဖြစ်တဲ့ မြန်မာနဲ့ ထိုင်းအစိုးရက ဖိတ်ခေါ် နေတယ်လို့ ပြောပါတယ်။

ဒါဟာ မီဂါဝပ် ၇ ထောင် ထုတ်လုပ်နိုင်မယ့် ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံ ဖြစ်လာမယ်လို့ မျှော်လင့်ရပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ရှိလာ နိုင်တယ်လို့ သူက ပြောပါတယ်။

သူ့အနေနဲ့ ထားဝယ် စီမံကိန်းကို ကန့်ကွက်နေတာ မဟုတ်ဘဲ ဒေသခံတွေ အကျိုးမခံစားရဘဲ ထိုင်းနိုင်ငံ ဘက်ကို ပေးမယ့် ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံ ဖြစ်လို့ ဒေသခံတွေ တကယ်အကျိုးရှိမရှိ စဉ်းစားဖို့ လိုတယ်လို့ ကိုရဲက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ