မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှု စာချုပ်ချုပ်

မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ လွတ်လပ်စွာ တိုးမြှင့် လုပ်ကိုင်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံရေး သဘောတူ စာချုပ်တခုကို နှစ်နိုင်ငံအကြား လက်မှတ် ရေးထိုးလိုက်ကြပါတယ်။

ဂျပန်နဲ့ အာဆီယံနိုင်ငံများ ထိပ်သီး အစည်းအဝေးအတွက် ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးတို့ ဒီဇင်ဘာလ ၁၅ ရက်က တွေ့ဆုံစဉ်မှာ အခုလို လက်မှတ်ရေးထိုး သဘောတူလိုက်ကြတာ ဖြစ်ပါတယ်။

ဒီသဘောတူချက်အရ ဂျပန် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ ပိုမို လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံခွင့် ရကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန် မန္တလေး မီးရထားလမ်း ဆောက်လုပ်ရေး စီမံကိန်း၊ ရန်ကုန်မြို့တော် ရေသန့် ရရှိရေး စီမံကိန်း၊ သီလဝါ စီးပွားရေးဇုံ တည်ဆောက်ရေး အခြေခံ အဆောက်အအုံ ဒုတိယအဆင့် စီမံကိန်းနဲ့ ပဲခူးတိုင်း အနောက်ပိုင်းဒေသ ဆည်မြောင်း စီမံကိန်းတွေ အတွက် ဂျပန် ယန်းငွေ ၆၃ ဒဿမ ၃ ဘီလျံဘိုး ဂျပန်အစိုးရက အကူအညီ ပေးသွားမယ်လို့လည်း ကတိပြုသွားပါတယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ မာဆာရူ ဆာတိုက ဘီဘီစီကို ပြောပါတယ်။

ဂျပန် မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အကြား လက်မှတ် ရေးထိုးခဲ့တဲ့ ဒီ ရင်းနှီး မြှုပ်နှံမှု စာချုပ်ဟာ ထူးခြား အရေးပါတဲ့ သဘောတူ စာချုပ် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီသဘောတူချက်ဟာ ဂျပန် မြန်မာ နှစ်နိုင်ငံအကြား ပထမဆုံး အကြိမ် တရားဝင် လက်မှတ် ရေးထိုးတဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ဖြစ်ပါတယ်။ ဒီသဘောတူ စာချုပ်အရ ဂျပန်စီးပွားရေး ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ လာလုပ်ဖို့ကို ယုံကြည် စိတ်ချမှု ပိုရှိလာကြတော့မှာပါ။ ဒီသဘောတူညီချက်ထဲမှာ ပါတဲ့ အချက်တွေအရ ဂျပန် စီးပွားရေးလုပ်ငန်းရှင်တွေကို ဥပဒေကြောင်းအရ လုံခြုံမှု ရှိလာစေမှာ ဖြစ်ပါတယ် လို့ မစ္စတာ ဆူတိုက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ ပြုလုပ်တဲ့ နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံသားတွေအပေါ် ဂျပန်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်မှုတွေကို လျှော့ပေါ့ပေးသွားဖို့ကိုလည်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက မြန်မာ သမ္မတ ဦးသိန်းစိန်ကို ထုတ်ဖေါ် ပြောခဲ့ပါတယ်။

ဒီဆောင်ရွက်မှုဟာ လာမယ့် ဇန္နဝါရီလက စလို့ အကောင်အထည် ဖော်သွားမှာ ဖြစ်ပြီးဂျပန်နိုင်ငံသားတွေကို မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်ချက်တွေ လျှော့ပေါ့ပေးရေးကို မြန်မာအစိုးရဘက်က ဆောင်ရွက်ပေးဖို့ကိုလည်း ဂျပန်အစိုးရက လိုလားနေပါတယ်လို့ မစ္စတာ မာဆာရူ ဆာတို က ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ