လျှပ်စစ်အတွက် အေဒီဘီက မြန်မာကို သန်း ၆၀ ချေး

Image caption လာမယ့် နွေရာသီမှာ အရင်နှစ်တွေလို လျှပ်စစ် မီး ပြတ်တောက်မှု ဆိုးဆိုး ရွားရွား ရှိတော့မှာ မဟုတ်

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသကြီး(၄)ခုမှာ လျှပ်စစ် ဖြန့်ဖြူးရေး တိုးတက် ကောင်းမွန် ဖို့နဲ့ ဓာတ်အား ဆုံးရှုံး မှုတွေ လျော့နည်း စေဖို့ ရည်ရွယ် ပြီး အာရှ ဖွံဖြိုးမှုဘဏ် (ADB) က ချေးငွေ အဖြစ် အမေရိကန် ဒေါ်လာ သန်း(၆၀) ထုတ်ချေး လိုက်ပါတယ်။

ဒီချေးငွေဟာ လျှပ်စစ် မီးသုံးစွဲသူ ဦးရေနဲ့ ပေးဝေ နေတဲ့ ဓာတ်အား လိုင်း အရွယ် အစား မမျှတ မှုကြောင့် ဖြစ်ပေါ်တဲ့ ဗို့အား ကျတာနဲ့ ရံဖန် ရံခါ ဓာတ်အား ပြတ်တောက် မှုတွေကို ပြင်ဆင် နိုင်ဖို့ အတွက် ဖြစ်တယ်လို့ လျှပ်စစ် ဝန်ကြီး ဌာနက ပြောပါတယ်။

တိုင်း ဒေသကြီး ၄ ခုမှာ လျှပ် စစ်မီး ဖြန့်ဖြူး ရေးကို တိုးချဲ့ သွားမှာ ဖြစ်တယ်လို့ လျှပ်စစ် စွမ်းအား ဦးစီး ဌာနက ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်းက ဘီဘီစီ ကို ပြောပါတယ်။

ဓာတ်အားလိုင်း ပြည့်စုံမှု မရှိတဲ့ မြို့နယ်၊ ရပ်ကွက် တွေမှာ ဗို့ အားနည်း ထရန်စဖော်မာ လဲသင့် တာတွေ ကိုလဲ၊ ဖြည့်သင့်တဲ့ နေရာ တွေကို ဖြည့်မှာ ဖြစ်ပြီး လျှပ်စစ် ကြိုး အသေးတွေကို ကြိုး အကြီးတွေနဲ့ အစားထိုး ပေးမှာ ဖြစ်တယ် လို့လည်း ဦးခင်မောင်ဝင်းက ပြောပါတယ်။

ဒီစီမံချက်ကြောင့် လျှပ်စစ် ဓာတ်အား ဖြန့်ဝေ မှုမှာ ဆုံးရှုံးမှု(၄)% လျော့ နည်းစေ နိုင်မှာ ဖြစ်တယ်လို့ ADB ရဲ့ ထုတ်ပြန်ချက် မှာလည်း ဖော်ပြထား ပါတယ်။

သက်တမ်းကြာမြင့် နေပြီ ဖြစ်တဲ့ မြန်မာ့ လျှပ်စစ် ဖြန့်ဝေရေး စနစ်မှာ နည်း ပညာပိုင်းနဲ့ အခြား ဆုံးရှုံး မှုတွေ ကြောင့် ထုတ်လုပ် လိုက်တဲ့ လျှပ်စစ်ရဲ့ (၅)ပုံ (၁)ပုံ ဟာ သုံးစွဲ သူတွေ ထံ မရောက်ခင် ဆုံးရှုံး သွားရ တယ်လို့ ADB ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထား ပါတယ်။

ဦးခင်မောင်ဝင်း ကတော့ လာမယ့် နွေရာသီမှာ ယခင်နှစ်တွေ ကထက် လျှပ်စစ်မီး ပြတ်တောက်မှု ဆိုးဆိုး ရွားရွား ရှိတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မြန်မာ နိုင်ငံရဲ့ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှု အပိုင်းမှာ လိုအပ်ချက် တွေ ရှိနေ သေးတာကြောင့် လောလောဆယ်မှာ ပြည်သူတွေ မျှော်လင့်ထား သလို လျှပ်စစ်မီး မပျက်ဘဲနဲ့ ဆိုတဲ့ အခြေ အနေ ကတော့ အဖြစ်နိုင် သေးကြောင်းပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ