ဆင်းရဲမှု လျှော့ချရေး အာရှ ဖွံ့ဖြိုးရေးဘဏ် ကူညီ

poverty
Image caption ဆင်းရဲမှု လျှော့ချရေး အတွက် လူထု ပါဝင်ဖို့ လိုတယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ်ကဆို

မြန်မာနိုင်ငံက ကျေးလက် ဒေသတွေမှာ ဆင်းရဲမွဲတေမှု လျှော့ချရေး အတွက် လူထုအခြေပြု ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင် ရွက်ဖို့ အေဒီဘီ အာရှ ဖွံ့ဖြိုးရေး ဘဏ်နဲ့ ဂျပန်အစိုးရတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံကို ဒေါ်လာ ၁၂ သန်း ကူညီ ထောက်ပံ့မှာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ မန္တလေး နဲ့မကွေး အပူပိုင်းဇုံ ဒေသတဝိုက်၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်း တွေက ကျေးရွာအုပ်စု ၁၀၀ လောက်မှာ လူ ၇ သိန်းကို ဝင်ငွေ တိုးအောင် ဆောင်ရွယ့် အစီအစဉ် ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက် ရာမှာ ဒေသခံတွေ တိုက်ရိုက် အကျိုးခံစား ရဖို့အတွက် ဖွံ့ဖြိုးရေး စီမံကိန်းရဲ့ အလုပ်တွေမှာ သူတို့ကို အခကြေးငွေ ပေးပြီးဝင် လုပ်နိုင်တဲ့ cash for work စံနစ်ကို အခြေခံပြီး ဆောင်ရွက်မှာ ဖြစ်ကြောင်း မနီလာမြို့မှာ အခြေစိုက်တဲ့ အေဒီဘီရဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကျွမ်းကျင်သူ အကြီးတန်း အရာရှိ မစ္စတာ Pavit Ramachandra က ဘီဘီစီကို ပြောပါတယ်။

အေဒီဘီ အနေနဲ့ မြန်မာ နိုင်ငံမှာ ဆင်းရဲမွဲတေမှု အများဆုံး ဖြစ်နေတဲ့ ကျေးလက် ဒေသတွေကို ဦးစားပေး ကူညီဖို့ ဆုံးဖြတ်တာ ဖြစ်ကြောင်းနဲ့ ကျေးလက် ဒေသ စိုက်ပျိုးရေး လုပ်ငန်းတွေ ကနေ မြန်မာနိုင်ငံ စီးပွားရေးရဲ့ သုံးပုံတပုံ လောက် ဝင်ငွေ ရနေ ပေမယ့် လူထုမှာ ကြွေးမြီ ပြသနာ ကြီးကြီးမားမား ရှိနေတဲ့ အကြောင်းကို သူက ရှင်းပြပါတယ်။

ဒါပေမယ့် အေဒီဘီ ရဲ့အကူအညီ ဒေါ်လာ ၁၂ သန်း ဆိုတာဟာ လေးနှစ် အတွက် အသုံးပြုဖို့ ဖြစ်ပြီး လူ ၇ သိန်းအတွက် ရည်ရွယ်တာ ဆိုတော့ တကယ်တမ်းမှာ လူတဦးအတွက် အကူအညီဟာ ဒေါ်လာ ၂၀ တောင် မပြည့်ပါဘူး။

အေဒီဘီ အရာရှိ မစ္စတာ ရာမာချန်ဒရာ ကတော့ လူဦးရေနဲ့ မကြည့်ဘဲ ကျေးရွာ အုပ်စု တခုချင်း အနေနဲ့ ကြည့်ရင် တနှစ်မှာ ဒေါ်လာ ၈ သောင်းကျော် အကူညီ ရမှာဖြစ် တဲ့အတွက် အကျိုးရှိအောင် သုံးမယ်ဆိုရင် နည်းတဲ့ ငွေမဟုတ်ဘူး လို့ဆိုပါတယ်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့ အိမ်နီး ချင်း နိုင်ငံတွေမှာလည်း ဒီလိုပုံစံနဲ့ အောင်မြင်ခဲ့တဲ့ သာဓကတွေ ရှိကြောင်း သူက ပြောပါတယ်။

ဒေသခံတွေ အကျိုးရှိဖို့ အတွက် သူတို့ ကိုယ်တိုင် ပါဝင်ဆုံးဖြတ် ကြရမှာ ဖြစ်ကြောင်းနဲ့ လက်တွေ့ လုပ်ငန်း ဆောင်ရွက် တာကိုလည်း စောင့်ကြည့်တာ စာရင်းစစ် တာတွေ လုပ်သွားမယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် အေဒီဘီရဲ့ လုပ်ငန်း ဆောင်ရွက်တဲ့ ပုံစံဟာ တော်တော်လေး အသစ်ပုံစံမျိုး ဖြစ်နေသေးတယ်လို့ သူက ဝန်ခံပါတယ်။

အဲဒီလို အသစ်ဖြစ်နေ သေးပေမယ့် ငွေကြေး သုံးစွဲတဲ့စံနစ်၊ သဘာဝပတ်ဝန်းကျင် ကာကွယ်တဲ့ စံနစ်၊ တိုင်ကြားမှု တွေနဲ့ ဆိုင်တဲ့ စံနစ် တွေကို ဟာကွက် မရှိအောင် အစိုးရ အဆင့် ဆင့်နဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ့် အကြောင်း သူက ထည့်သွင်း ပြောသွား ပါတယ်။

ကျေးလက် ဒေသက ပြည်သူ တချို့ကို မေးကြည့်တဲ့ အခါမှာတော့ သူတို့ ဘဝတွေ တိုးတက် လာဖို့အတွက် အရင်းအနှီး ရနိုင်ဖို့ လိုတယ်လို့ ပြောကြ ပါတယ်။

ဆင်းရဲမွဲတေမှု လျှော့ချရေး စီမံကိန်းကို အေဒီဘီ ဘုတ်အဖွဲ့က ဒီဇင်ဘာ ၁၁ ရက်နေ့မှာ အတည်ပြု ခဲ့ပြီး မြန်မာ အစိုးရနဲ့ တရားဝင် သဘော တူညီချက်ကို ဖေဖော်ဝါရီ လဆန်းမှာ လက်မှတ်ထိုး နိုင်ဖို့ အေဒီဘီ ဖက်က မျှော်လင့် ထားတယ် လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံ ဘက်ကတော့ ဒီစီမံကိန်း အတွက် ဒေါ်လာ ၂ သန်း တန်ဖိုး ရှိတဲ့ပစ္စည်း တွေ ထောက်ပံ့မှာ ဖြစ်ပါတယ်။

ရှေ့နှစ် ဒုတိယ သုံးလပတ် အတွင်းမှာ လုပ်ငန်းတွေ စတင် ဆောင်ရွက် နိုင်ဖို့ ပြင်ဆင် ထားတယ်လို့ အေဒီဘီ အရာရှိက ပြောပါတယ်။

စီမံကိန်း ကာလ ဟာ လေးနှစ် ဖြစ်ပေမယ့် ပြင်ဆင်မှု အပိုင်းတွေကို ဖယ်လိုက်ရင် သုံးနှစ် အတွင်း အကောင် အထည် ဖော်သွားမှာ ဖြစ်တဲ့ အကြောင်း အေဒီဘီ အရာရှိ Pavit Ramachandra က ဘီဘီစီကို ပြောပြ ခဲ့ပါတယ်။