မိုးထိ မိုးမိ ဆန္ဒပြသူတွေကို ရဲက ဖြိုခွင်း

Image caption မိုးထိမိုးမိ ရွှေတွင်းလုပ်သား အငြင်းပွားမှု

ရမည်းသင်းမြို့နယ် မိုးထိမိုးမိ တောင်ပေါ် ရွှေတွင်း လုပ်ကွက်မှာ ဆန္ဒပြခဲ့တဲ့ အသေးစား လုပ်ငန်းရှင်တွေကို နယ်မြေခံ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့လို့ ဆန္ဒပြသူ ၉ ယောက် ဆေးရုံတင် ထားရပါတယ်။

အစိုးရဆီက ရွှေတူးခွင့် တရား၀င် လုပ်ပိုင်ခွင့် ရထားတဲ့ အမျိုးသားကြီးပွားရေး တိုးတက်ရေး ကုမ္ပဏီနဲ့ တနိုင်တပိုင် ရွှေတူး လုပ်သားတွေကြား သဘောတူထားတဲ့ အသေးစား ရွှေတူးခွင့်ကို တစ်နှစ်ပေးခဲ့တဲ့ ရက်ဟာ ပြည့်သွားလို့ ကုမ္ပဏီဘက်က ရပ်နားခိုင်းရာကနေ အရင်းမကျေ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အသေးစား လုပ်ငန်းရှင်နဲ့ အလုပ်သမား ၁၀၀ ကျော် ဆန္ဒပြမှု ဖြစ်ခဲ့ရာက နယ်မြေခံ ရဲရဲ့ ဖြိုခွင်းတာ ခံခဲ့ရတာ ဖြစ်ပါတယ်။

အသေးစား လုပ်ငန်းရှင်တွေ တောင်းဆိုတဲ့ နောက်ထပ် ရွှေတူးခွင့်ကို ကုမ္ပဏီနဲ့ သတ္တုတွင်း၀န်ကြီးဌာန တာ၀န်ရှိသူတွေက ခွင့်မပြုနိုင်ဘူး ပြောလို့ ရမည်းသင်းထိ လမ်းလျှောက် ဆန္ဒပြကြရာမှာ မြို့ပေါ်ထိ မရောက်ဘဲ ညောင်အိုင် ဆိုတဲ့ ရွာအရောက် ညနေ မိုးချုပ်ချုပ်မှာ ဖြိုခွင်းခံလိုက်ရတဲ့အကြောင်း ရွှေအသေးစားလုပ်ငန်းရှင် မအိမွန်ကျော်က ပြောပြပါတယ်။

ခုညနေ နောက်ဆုံးအခြေအနေ အရတော့ ရဲတပ်သား ၁၀၀ ကျော်က ဆန္ဒပြသူတွေ ရှိနေတဲ့ ရွှေမြင်တင် ဘုရားဝိုင်းကို ဝန်းရံစောင့်ကြပ်နေပြီး လမ်းမပေါ်ကို မထွက်ကြဖို့ သတိပေးထားတယ်လို့ ပြောပါတယ်။

မနေ့က ဆန္ဒပြသူတွေကို ပုဒ်မ ၁၈ နဲ့ အရေးယူမယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောသလို သပိတ်စခန်းကို ညပိုင်းမှာ ဖြိုခွဲလာနိုင်တယ်လို့ ဆန္ဒပြနေသူတွေက ပြောပါတယ်။

ကုမ္ပဏီဘက်ကတော့ အသေးစားလုပ်ငန်းတွေ လုပ်ခွင့်မပြုတော့ဘူး ဆိုတာ သတ္တုတွင်း၀န်ကြီး ဌာနရဲ့ အမိန့်အရလို့လည်း ဆိုပါတယ်။

အသေးစားလုပ်ခွင့် မရှိတော့သူတွေကို အကြီးစား ရွှေတူးလုပ်ငန်း လုပ်ချင်ရင် လုပ်ခွင့်ပေးထားတဲ့အကြောင်း၊ တကယ်လို့ အကြီးစား မလုပ်နိုင်ရင် ကုမ္ပဏီဝန်ထမ်း အနေနဲ့ စရိတ်ငြိမ်း လစာ တစ်သိန်းပေးမယ်လို့ ကမ်းလှမ်းထားပြီး မလုပ်နိုင်လို့ ပြန်ချင်တယ်ဆိုရင်လည်း စရိတ် ၅ သောင်း ထောက်ပံ့ဖို့ ဆန္ဒပြသူတွေကို ပြောထားပြီးဖြစ်ကြောင်း အမျိုးသားကြီးပွားရေး တိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က ပြောပါတယ်။

အခုလက်ရှိ ရွှေမြင်တင် သပိတ်စခန်းမှာ ဆန္ဒပြသူ ၉၂ ယောက်ကတော့ သူတို့ရင်းနှီးထားတဲ့ အရင်းတွေ မကျေသေးလို့ အသေးစားလုပ်ငန်း လုပ်ခွင့်ရဖို့ပဲ တောင်းဆိုနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ