မြန်မာမှ တရုတ်ဘက်ပို့ကုန်ပေါ်အခွန်ကင်းလွတ်

_china_burma_border
Image caption မြန်မာ မှ တရုတ်ဘက် ပို့ကုန်

မြန်မာ နိုင်ငံမှ တရုတ်နိုင်ငံ ဘက် တင်ပို့တဲ့ ကုန်ပစ္စည်း အမျိုးပေါင်း ၈ဝဝဝ နီးပါး ကို ဂျူတီ အခွန် ကင်းလွတ်ခွင့် ပေးလိုက်ပါပြီ။ ဒီ ကုန်ပစ္စည်းတွေ ထဲမှာ ငါး၊ ပုဇွန်၊ ဂဏန်း စတဲ့ ရေထွက် ကုန်၊ အသီးအရွက် နဲ့ ကောက်ပဲ သီးနှံ၊ တိရိစ္ဆာန် အရှင် နဲ့ အသား၊ သစ်နဲ့ သစ်ထွက် ပစ္စည်း၊ တွင်းထွက် လောင်စာဆီ၊ တွင်းထွက် သတ္တု စတဲ့ ကုန်တွေ ပါဝင်ပါတယ်။

ဒီကုန်ပစ္စည်းတွေ ကို လွန်ခဲ့တဲ့ ဇူလိုင်လ ကတည်းက တရုတ်ဘက် က ကင်းလွတ်ခွင့် ပေးလိုက်တဲ့ အကြောင်း၊ မြန်မာ့ စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေး ဌာန ကို အသိပေးတဲ့ အကြောင်း၊ ကုန်သွယ်ရေး ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦး က ဘီဘီစီ ကို ပြောပါတယ်။

တရုတ်နိုင်ငံ က အခုလို ဂျူတီ အခွန်ကို တရုတ်ကုန်သည်တွေ ကဘဲ ကျခံတဲ့ အတွက် မြန်မာ ကုန်သည် တွေ အပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု မရှိဘူး လို့ ကုန်သည်တွေ က ပြောတဲ့ အပေါ်မှာတော့ တရုတ်ကုန်သည်တွေ က သူတို့ဆောင်ရတဲ့ ဂျူတီ သက်သာ သွားတဲ့ အတွက် မြန်မာ ကုန်ပစ္စည်းတွေ ကို ပိုမို ဝယ်လာနိုင်တဲ့ အကြောင်း မူဆယ် နမ့်ခမ်း ကုန်သည်ကြီးများ အသင်းမှ ဥက္ကဌ ဦးဌေးဦး က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာနိုင်ငံ က ပို့တဲ့ ကုန်ကြမ်းတွေ အပြင်၊ အချောထည် လုပ်ပြီး ပို့တဲ့ အထည်ချုပ်လုပ်ငန်း၊ လျှပ်စစ် အပိုပစ္စည်း တို့ကိုလည်း အခွန်ကင်းလွတ်ခွင့် ပေးပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံ မှာ ရင်းနှီး မြှုပ်နှံ လိုသူ တွေ များလာပြီး လုပ်အားခ တွေ လည်းတက်လာ နိုင်ကြောင်း၊ အထည်ချုပ် လုပ်ငန်းရှင် အသင်း ဥက္ကဌ ဦးမြင့်စိုး က ဘီဘီစီ ကို ပြောပါတယ်။