၂၀၁၅ ရွေးကောက်ပွဲနဲ့ NLD ရဲ့ အနေအထား

Image caption Priscilla Clapp နဲ့ ဒေါ်အောင်ဆန်းစုကြည်

၂၀၁၅ ရွေးကောက် ပွဲဝင်ရင် အန်အယ်ဒီအဖို့ ဘယ်လိုအကျိုးရှိနိုင်မလဲ ဆိုတာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ခံလုပ်ခဲ့ဘူးတဲ့ အမေရိကန် ပြည်ထောင်စု အခြေစိုက် Asia Society နဲ့ US Institute of Peace အဖွဲ့အစည်း တွေရဲ့ အကြီးတန်း အကြံပေး Priscilla Clapp ကို ဘီဘီစီက မေးကြည့်တဲ့ အခါ ဒေါ်အောင်ဆန်းစုကြည် အဓိက ပြောနေတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီ နည်းလမ်း မကျဘူး ဆိုတဲ့အချက်ပါ ၊ ဒါဟာလည်းမှန်ပါတယ် ၊ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဒီမိုကရေစီနည်းလမ်း မကျတဲ့ အချက်တွေ အများကြီးပါပါတယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့်လည်း ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာဘဲ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်း ဆီသွားနိုင်အောင် လမ်းဖွင့်ပေးတဲ့ အချက်တွေလည်းပါဝင်ပြီး အန်အယ်ဒီပါတီဟာ အဲဒီဖြစ်စဉ်မှာ ဝင်ရောက် ပါဝင်နေတာ ဖြစ်ပါတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ဒီဖွဲ့စည်းပုံဥပဒေထဲမှာ တင်းကျပ်ပေမယ့် ပြင်ဆင်ခွင့်ရှိတယ်ဆိုတဲ့ ပြဌာန်းချက်လည်း ပါဝင်သလို ဒီအတွက်လွှတ်တော်မှာ ကော်မီတီ ဖွဲ့ပြီးအကြံ ပြုချက်တွေကိုလည်းလက်ခံနေပါတယ် ၊ ဒီတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆောင်ရွက် နေတဲ့ အထဲမှာ အန်အယ်ဒီတခုထဲ မဟုတ်ဘဲ ပါတီ အားလုံးလည်း ပါဝင်ပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးအတွက် ဆောင် ရွက်ရမယ့်အဆင့် တွေအတော်များများ ရှိနေတဲ့ အတွက် နိုင်ငံရေးပါတီတခုအနေနဲ့ ရွေးကောက်ပွဲမဝင်ခင် ၂နှစ်အလိုမှာ သူတို့မပါဘူးလို့ပြောရင်လုံးဝ အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူးလို့ မစ္စ ကလပ်ပ် က ဆိုပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် ၂ နှစ်ကြိုပြီး ရလဒ် ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင် ပေမယ့် အန်အယ်ဒီပါတီဟာ လက်ရှိရထားတဲ့ အမတ်နေရာ ထက် အများကြီး ပိုရလာပါလိမ့်မယ် ၊ လွှတ်တော်ထဲမှာလည်း ပိုအား ကောင်းလာပါလိမ့်မယ် ၊ တိုင်းရင်းသား ပါတီတွေလည်း နေရာများများပို အနိုင်ရနိုင်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသာ ဆုံးရှုံးနိုင် ပါတယ်လို့ သူက ပြောပါတယ်။

လွှတ်တော်ထဲမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးက နေရာ အများစု မရနိုင်ဘူးလို့ ပြောချင်တာတော့မဟုတ်ပါဘူး၊ ခုလက်ရှိအနေအထား လို လွှတ်တော်မှာ သူတို့ချည်း လွှမ်းမိုးထားတဲ့အနေအထားတော့ ဖြစ်မှာမဟုတ်တော့ပါဘူးလို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သမ္မတဝင်အရွေးခံခွင့် မရှိရင်တောင် လွှတ်တော်ထဲမှာ အင်မတန် အရေးပါတဲ့နေရာကိုရောက်လာပါလိမ့်မှာ ဖြစ်ပြီး သမ္မတတို့ ဒုတိယသမ္မတတို့ကို လွှတ်တော်ကသာ ရွေးကောက်တင်မြှောက် ရတာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲမှာ နေရာအများကြီးရတဲ့ ပါတီအနေနဲ့ ရပ်တည်ရေးဟာ လုံးဝအဓိပ္ပါယ်ရှိတဲ့ကိစ္စလို့ သူက ရှင်းပြခဲ့ပါတယ်။

အန်အယ်ဒီအဖို့ ဖွဲ့စည်းပုံဥပဒေပြင်ရေးကို အကြောင်းပြပြီး ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်မယ်ဆိုရင် အဓိပ္ပါယ် ရှိမှာ မဟုတ်ဘူး ၊ သူတို့အနေနဲ့ လွှတ်တော်ထဲမှာ ဆက်ရှိနေဖို့ အတွက်ရွေးကောက်ပွဲဝင်ရပါလိမ့်မယ် ၊ ဖွဲ့စည်းပုံဥပဒေ ကိုပြင် ချင်တယ် ဆိုရင် သူတို့ဟာလွှတ်တော်ထဲမှာရှိနေဖို့လိုအပ်ပါတယ်လို့ Priscilla Clapp က ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ