သတင်းသမား ၂၀၀ ခန့် ရန်ကုန်မှာ ဆန္ဒပြ

Image caption ချီတက် ဆန္ဒပြကြသူ သတင်းသမားများ

ဒီနေ့ မနက် ၉ နာရီက ရန်ကုန်မြို့က သတင်း သမား ၂၀၀ ခန့်ဟာ အလဲဗင်း သတင်းစာက အမျိုးသမီး သတင်းထောက် တစ်ဦးဖြစ်သည့် မခိုင် ခေါ် နော်ခိုင်ခိုင်အေးချို အပေါ် လွိုင်ကော် တရားရုံးက ပုဒ်မ ၃ ခုနဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့တာကို ဆန့်ကျင်တဲ့ အနေနဲ့ ရန်ကုန်မြို့လယ်ကနေ တာမွေ မြို့နယ်မှာ ရှိတဲ့ အလဲဗင်း သတင်းစာတိုက် ရုံးအထိ လမ်း လျှောက်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြ သတင်းသမားတွေဟာ သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်မှု အလိုမရှိ၊ လွတ်လပ်စွာ သတင်းရယူခွင့် ရှိရေး၊ မှန်ကန်စွာ တရားစီရင်ရေး စတဲ့ ပိုစတာတွေ ကိုင်စွဲပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပြီးတော့ ဒီလို ဆန္ဒပြတာဟာ သတင်း အလုပ်လုပ်ကိုင်မှုကို ခြိမ်းခြောက်ခဲ့တာ ဖြစ်လို့ မြန်မာ ဂျာနယ်လစ် ကွန်ယက်နှင့် အခြားသော သတင်းထောက်များ အနေဖြင့် လက်မခံဘဲ ကန့်ကွက်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်နဲ့ တရားစီရင်ရေး မဏ္ဍိုင်မှ သိရှိစေရန် ပြသလိုက်ခြင်းလည်း ဖြစ်တယ်လို့ မြန်မာ ဂျာနယ်လစ် ကွန်ယက်က ပြောပါတယ်။

အလားတူ မန္တလေးထောင် ရှေ့မှာလည်း သတင်းသမား ၁၅ ဦး ခန့်ဟာလည်း ကန့်ကွက်ခဲ့ကြပါတယ်။

ရန်ကုန်မြို့က သတင်းထောက်တွေ ကန့်ကွက် ဆန္ဒပြမှုကို ရှေ့နေများ ကွန်ယက်၊ ပြည်သူ့အကျိုးဆောင် ကွန်ယက်၊ တောင်သူလယ်သမား သမဂ္ဂတို့ပါ ပူးပေါင်း ပါဝင်ခဲ့ကြပြီးတော့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်တို့ လာရောက် အားပေးခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ