တရားမ၀င် တရုတ်ဆေးခန်းတွေကို အရေးယူပြီ

ဓာတ်ပုံ မူပိုင် SPL
Image caption ဆရာဝန်ကိုင် နားကြပ်

ရန်ကုန် မြို့လယ်ရှိ လမ်းမတော် ၁၄ လမ်းက တရားမဝင် တရုတ် တိုင်းရင်း ဆေးခန်း တစ်ခုကို ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီး ဌာန ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေ ကြီးကြပ်တဲ့ အဖွဲ့က အမှူဖွင့်ပြီး အရေး ယူလိုက်ပါတယ်။

အဲဒီ ဆေးခန်းပိုင်ရှင်နဲ့ ဆေးကုသူ တရုတ် နိုင်ငံသားတို့ကို ပြီးခဲ့တဲ့ ရက်ပိုင်း က အမှူ ဖွင့်ခဲ့ပါတယ်။

ဒါဟာ ရန်ကုန်မှာ တရားမဝင် တရုတ် ဆေးခန်းတွေကို ပထမဆုံးအကြိမ် အမှူဖွင့်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီအမှုကို စစ်ဆေးနေတဲ့ လမ်းမတော် ရဲစခန်းက ဒုရဲအုပ် ကိုအောင်နိုင်ဦးက အဲဒီ ဆေးခန်းမှာ ဆေးကုသမှုတွေ လုပ်ခဲ့တဲ့ ဆေးခန်း ပိုင်ရှင်ကို အမှုဖွင့်ထားပြီး တရုတ်နိုင်ငံသား ကတော့ ရှောင်တိမ်း နေတယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ စတင် ပြဌာန်းပြီးတဲ့၂၀၀၉ ခုနှစ် နောက်ပိုင်းမှာ ဆေးရုံဆေးခန်းတွေကို ဥပဒေ ပြဌာန်း သတ်မှတ်ပြီး ကျန်းမာရေး ဝန်ကြီးဌာနက ဆေးကုသခွင့် လိုင်စင်တွေ ထုတ်ပေး နေပါတယ်။

ဒါပေမဲ့ ဒီနှစ်ထဲမှာပဲ ကုသရခက်တဲ့ ရောဂါတွေ ကို သတင်းစာတွေ က ကြော်ငြာတွေ ထည့်ပြီး ငွေကြေး လိမ်ညာ ကုသမှုတွေ အကြပ်ကိုင်မှုတွေ ရှိလာတဲ့ အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရက အကြောင်းကြား လာရာ ကနေ အခုလို စစ်ဆေးမှုတွေ လုပ်တာဖြစ်ပါတယ်။

အခု ဒီဆေးခန်းတွေကို ဆေးကုသ ခွင့်လိုင်စင် မရှိ ခြင်း လုပ်ငန်းလိုင်စင် မရှိဘဲ ဆေးခန်း ဖွင့်ခြင်းတို့ကြောင့် အရေးယူတာဖြစ် ပြီးတော့ ပုဂ္ဂလိက ကျန်းမာရေး အက် ဥပဒေနဲ့ အရေး ယူထားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးကတော့ ရန်ကုန်မှာ တရုတ် နိုင်ငံသားတွေကို ဆေးကုသခွင့် ပေးထားတာ လုံးဝ မရှိဘူးလို့ ထုတ်ပြောထားပေမဲ့ နာမည်ကြီး တရုတ် ဆေးခန်းတွေ အများကြီးရှိသေးတယ်လို့ ရန်ကုန် မြို့ခံ တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ