တိုင်းရင်းသား အဖွဲ့တွေ လော်ခီးလာမှာ ဆွေးနွေး

Image caption လိုင်ဇာမှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကွန်ဖရင့်

မြန်မာ တနိုင်ငံလုံးမှာ အပစ်အခတ် ရပ်စဲနိုင်ဖို့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေဟာ KNU ကရင်အမျိုးသား အစည်းအရုံး ရဲ့ လော်ခီးလာ စခန်းမှာ ဒီနေ့က စပြီး ၃ ရက်ကြာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲဟာ မြန်မာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် KIO ရဲ့ လိုင်ဇာ ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကွန်ဖရင့် နောက်ပိုင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ တပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ မူကြမ်း ရေးဆွဲခဲ့တာကို ညှိုနှိုင်း အတည်ပြုဖို့ ဖြစ်တာကြောင့် အရေးကြီးတယ်လို့ ဆိုရမှာပါ။

ဆွေးနွေးပွဲ အခမ်းအနား အဖွင့်မှာ KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက အချင်းချင်း အကြား မတူကွဲပြားမှုမှ သင်ခန်းစာ ရယူကြခြင်း၊ အမြင်များကို ပေါင်းစပ်ခြင်းမှ တဆင့် အပြန်အလှန် နားလည်မှုကို မြှင့်တင်တဲ့ ဘုံ သဘောတူညီမှုများ ရယူကြပြီး အတည်ပြုကြပါစို့လို့ နှိုးဆော်ချင်ပါတယ်လို့ ပြောသွားပါတယ်။

ဆွေးနွေးပွဲကို KNU ကရင် အမျိုးသား အစည်းအရုံး၊ KIO ကချင်လွတ်မြောက်ရေးအဖွဲ့၊ MNSP မွန်ပြည်သစ်ပါတီ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ တက်ရောက်ပြီး ABSDF ကျောင်းသား တပ်မတော် အပါအ၀င် လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့က လေ့လာသူတွေ အနေနဲ့ တက်ရောက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ချင်းစီ အပစ်အခတ် ရပ်စဲထားတဲ့ နယ်မြေ အတော်များများမှာ တိုက်ပွဲတွေ မရှိတော့ပေမယ့် ကချင်၊ ပလောင်နဲ့ ပအို့ နယ်တွေမှာ တိုက်ပွဲတွေ ကြိုကြား ရှိနေသေးတာကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကြားမှာ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို ဖြစ်ချင်နေကြပါတယ်။

အခု ဆွေးနွေးပွဲမှာ အစိုးရနဲ့ တဖွဲ့ချင်းစီ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့တွေကလည်း မတူကွဲပြားတဲ့ သူတို့နဲ့ အစိုးရကြား ပြုလုပ်ထားတဲ့ သဘောတူညီချက် တွေကိုလည်း ပါ၀င်စေချင်တာတွေ ရှိသလို၊ တချို့ ဖြည့်စွက်လိုသူ တွေကလည်း ၃ ရက်တာ ဆွေးနွေးပွဲမှာ အကြေအလည် ညှိုနှိုင်းရမှာပါ။

ဒီ ဆွေးနွေးပွဲက ရတဲ့ သဘောတူညီချက်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့က ကရင်ပြည်နယ်၊ ဘားအံမြို့မှာ အစိုးရနဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ထိုးကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အခု ဆွေးနွေးပွဲမှာ မပါတဲ့ UWSA ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့နဲ့ မိုင်းလား အဖွဲ့တွေကတော့ အစိုးရနဲ့ သီးခြား သဘောတူညီမှုတွေ ရယူရမယ့်သဘော ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ