အကယ်ဒမီများရှင် မင်းသမီးကြီး ခင်ယုမေ ကွယ်လွန်

ဓာတ်ပုံ မူပိုင် others
Image caption အကယ်ဒမီ ရွှေစင် ရုပ်ထုပုံ

အဆိုတော် ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ခင်ယုမေ ဟာ ရန်ကုန်မြို့မှာ မနေ့က အသက် ၇၇ နှစ်မှာ ကွယ်လွန်သွားပါတယ်။

မြန်မာ နိုင်ငံမှာ တခေတ်တခါ က ခေတ်မီ ဆန်းသစ်တဲ့ ဝတ်စား ဆင်ယင်မှု၊ မြူးကြွတဲ့ တေးသီချင်းများနဲ့ တကွ သရုပ်ဆောင် ကောင်းတဲ့ ဇာတ်ကား တွေနဲ့ပါ ထင်ရှားခဲ့တဲ့ အဆိုတော် မင်းသမီးကြီး ခင်ယုမေဟာ ရန်ကုန်မှာ ကွယ်လွန်သွားပါပြီ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အတူနေ အစ်မကြီး တယောက် ကျန်ရှိပြီး အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ သားနဲ့ မိသားစု အချိန်မီ လိုက်မလာနိုင်လို့ ဒေါ်ခင်ယုမေ ဆန္ဒ အတိုင်း ကနေ့ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

၁၉၆၁ က ကိုယ်ပိုင် မေတ္တာ၊ ၁၉၇၅ က ရွှေခြည် ငွေခြည် တန်းပါလို့ နာမည်ကျော် ဇာတ်ကား တွေနဲ့ အမျိုးသမီး သရုပ်ဆောင်ဆုကို ၂ ကြိမ် ဆွတ်ခူး ခဲ့တဲ့ ဒေါ်ခင်ယုမေဟာ အဆိုတော် ခင်ယုဆွေရဲ့ အစ်မလည်း ဖြစ်ပါတယ်။

မြန်မာ့ ရုပ်ရှင် ခေတ်ကောင်းချိန်က မင်းသား မင်းသမီး သရုပ်ဆောင်နဲ့ ရုပ်ရှင် ဒါရိုက်တာကြီးတွေ ကြွေလွင့် ကွယ်လွန်ခဲ့ရာမှာ ခုလို ဒေါ်ခင်ယုမေ ကွယ်လွန်တာက ဝမ်းနည်း စရာ ကောင်းတယ် ၊ အိမ်တအိမ်မှာ အကြီးအကဲ တယောက် မရှိတော့ဘဲ ဆုံးရှုံးသွားတယ်လို့ ခံစားရကြောင်း ဒေါ်ခင်ယုမေရဲ့ အနုပညာ စွမ်းဆောင်မှု တွေနဲ့ ပတ်သက်ပြီး ရွှေအမြုတေနဲ့ အလင်းတန်း စာစောင်တွေရဲ့ အယ်ဒီတာချုပ် ဦးဝင်းငြိမ်း က ပြောပါတယ်။

ဒေါ်ခင်ယုမေ သီဆို သွားတဲ့ သီချင်း တွေ ထဲမှာ စကား တက္ကသိုလ်၊ ရိုင်းတဲ့ ဇင်ယော် ၊ ရွှေမန်းမေ စတဲ့ သီချင်း တွေက ခုထိ လူကြိုက်များ ထင်ရှားပြီး ပြန်လည် သီဆို နေကြ ဆဲ ဖြစ်ပါတယ်။