လွှတ်တော်အမတ်တွေကို မြေကွက်တွေ ခွဲပေးထား

Image caption မြေလွတ်တွေ ဖေါ်ထုတ်ပြီး တိုင်းဒေသကြီး အစိုးရက လွှတ်တော် ကိုယ်စားလှယ်တွေကို ခွဲဝေချပေးနေ

ပဲခူးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တွေ အားလုံးကို ပဲခူးတိုင်းဒေသကြီး အစိုးရက မြေကွက်တွေ ခွဲဝေ ချပေးထားကြောင်း ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တဦးက ဘီဘီစီကို အတည်ပြုပြောပါတယ်။

တောင်ငူ ကေတုမတီ မြို့သစ်မှာရှိတဲ့ မြေလွတ်တွေကို ဖေါ်ထုတ်ပြီး အနည်းဆုံး ပေ၆၀ x ပေ၉၀ မြေကွက် တကွက်စီ ပဲခူးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တွေကို လွန်ခဲ့တဲ့ တနှစ်ခွဲလောက်က ချပေးခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဒီကိစ္စကို ပြည်သူတွေကို အတိအလင်း ထုတ်ဖေါ် ကြေညာတာ မျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

လွှတ်တော်ဆိုတာ အစိုးရအဖွဲ့ရဲ့ လုပ်တာကိုင်တာတွေကို ဝေဖန် ထောက်ပြ ထိန်းကွပ်ဖို့ ဖွဲ့စည်းထားတာ ဖြစ်တာမို့ အခုလို တိုင်းဒေသကြီး အစိုးရအဖွဲ့က လွှတ်တော် ကိုယ်စားလှယ်တွေကို မြေကွက်တွေ ချပေးခဲ့တာဟာ လာဘ်ထိုးတဲ့ သဘောမျိုး ရောက်နေတယ်လို့ သတင်း ဆောင်းပါးရှင်တဦး ဖြစ်တဲ့ ဦးစည်သူ အောင်မြင့်က သုံးသပ်ပါတယ်။

ဒီလုပ်နည်းလုပ်ဟန်ဟာ အရင် စစ်အစိုးရ လက်ထက်က လုပ်နည်း လုပ်ဟန်နဲ့ ဆင်တူနေပြီး အဲဒီတုန်းက မြေလွတ်တွေကို ဖေါ်ထုတ်ပြီး အာဏာပိုင် အသိုင်းအဝိုင်းတွေအကြား၊ စစ်ဗိုလ်ချုပ်ကြီးတွေ အကြား ခွဲဝေ ယူခဲ့ကြတဲ့ သာဓကတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို လုပ်ထုံး လုပ်နည်း မမှန်မှုတွေ၊ ပွင့်လင်းမြင်သာမှု မရှိတာတွေနဲ့ ပတ်သက်လို့ စည်းမျဉ်း ဥပဒေတွေ တိတိကျကျ ရေးဆွဲပြီး အရေးယူ ဆောင်ရွက်သင့်တယ်လို့ ဦးစည်သူ အောင်မြင့်က ထောက်ပြ ပြောဆိုသွားပါတယ်။