ပုဒ်မ၅၉(စ)မပြင်သင့်ဘူးလို့ တစညပါတီ ပြော

Image caption ပြည်ထောင်စု လွှတ်တော် အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ကော်မီတီ တင်ပြမယ့် အစီရင်ခံစာကို လူအများ စိတ်ဝင်စားနေ

ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင် အောင် ကန့်သတ်ထားတယ် ဆိုပြီး အခြေခံ ဥပဒေထဲက ပုဒ်မ ၅၉ စ ကို ပြင်ပေးဖို့ ဆန္ဒပြ တောင်းဆိုမှု တချို့ ရှိနေချိန်မှာ အဲဒီလို ပြင်မှာကို ကန့်ကွက်တယ်လို့ ဆိုသူလည်း ရှိနေပါတယ်။

အရင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကနေ ပြောင်းလဲ ဖွဲ့စည်းလာတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီကတော့ မပြင်သင့်ဘူးလို့ ဆိုပါတယ်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီအနေနဲ့ အမျိုးသား ညီလာခံ တက်ရောက်ခဲ့စဉ်ကတည်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်တွေနဲ့ ပတ်သက်လို့ စဉ်းစားရာမှာ မူအားဖြင့်ရော၊ လူအားဖြင့်ပါ စဉ်းစားသုံးသပ်ခဲ့တယ်လို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ဗဟိုကော်မီတီဝင် ဦးဟန်ရွှေက ဘီဘီစီကို ပြောပါတယ်။

၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကတည်းကိုက လွှတ်တော် ကိုယ်စားလှယ်တွေ ရှိရမယ့် အရည်အချင်းထဲမှာ ပြင်ပ နိုင်ငံခြားရဲ့ သြဇာ သက်ရောက်မှု ကင်းရမယ် ဆိုတဲ့ အချက် ပါရှိခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ နိုင်ငံတော် အကြီးအကဲ သမ္မတ တဦး အနေနဲ့ အုပ်ချုပ်ရေး အာဏာကို ကိုင်တွယ် ကျင့်သုံးရမှာမို့ လွှတ်တော် ကိုယ်စားလှယ်တွေလို သူကိုယ်တိုင် နိုင်ငံခြား သြဇာ အာဏာ ကင်းရှင်းရုံတင်မက သူ့ရဲ့ အသိုင်းအဝိုင်းကပါ နိုင်ငံခြား သြဇာ အာဏာ ကင်းရှင်းဖို့ လိုမယ်လို့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပြဌာန်းခဲ့တာ ဖြစ်ကြောင်း ဦးဟန်ရွှေက ပြောပါတယ်။

သူတို့ ပါတီဟာ ဘယ်သူဘယ်ဝါ ဆိုတဲ့ ပုဂ္ဂိုလ်ကို ရည်စူးပြီး ပြင်သင့် မပြင်သင့် မပြောပေမယ့် ဒီပြဌာန်းချက်ဟာ ခေတ်အခြေအနေနဲ့ ကိုက်ညီတဲ့အတွက်လည်း လက်ခံသင့်တယ်လို့ ဦးဟန်ရွှေက ပြောပါတယ်။

ဒီပုဒ်မ ၅၉ စကို မပြင်ပေးတာကြောင့် ၂၀၁၅ ရွေးကောက်ပွဲ က တရားမျှတမှု ရှိမှာ မဟုတ်ဘူးလို့ ကောက်ချက်ချလာရင် ဒီလိုပြောတာကရော တရားမျှတပါ့မလားလို့ စဉ်းစားစရာ ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

ဒီကိစ္စကို အစီရင်ခံစာ တင်သွင်းတဲ့အခါ လွှတ်တော်ထဲမှာ ဆွေးနွေးကြမှာ ဖြစ်ပြီး တကယ်လို့ ပြင်ဆင်ဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့မယ် ဆိုရင်တော့ ပြည်ထောင်စု လွှတ်တော်ရဲ့ ဥပဒေ နည်းဥပဒေတွေအရ လိုက်နာရမယ့် သဘော ရှိတယ်လို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ဗဟိုကော်မီတီဝင် ဦးဟန်ရွှေက ပြောပါတယ်။

၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ကော်မီတီက ဇန္နဝါရီလ ၃၁ရက်နေ့မှာ အစီရင်ခံစာ တင်သွင်းတော့မှာ ဖြစ်ပါတယ်။