ရွေးကောက်ပွဲ ကော်မရှင်မှာ တိုင်းရင်းသားတွေ ပါသင့်

Image caption ရွေးကောက်ပွဲ ကော်မရှင်မှာ တိုင်းရင်းသား တွေကို ထည့်သွင်းဖို့ ညီနောင် တိုင်းရင်းသား ပါတီများ ဖယ်ဒရေးရှင်းက တိုက်တွန်း

လာမယ့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာ စေဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထဲမှာ တိုင်းရင်းသား ခေါင်းဆောင် တွေ၊ တိုင်းရင်းသား အသိပညာရှင်၊ အတတ် ပညာရှင်တွေ ထည့်သွင်း ဖွဲ့စည်းပေးဖို့ တိုင်းရင်းသား ပါတီတွေက တောင်းဆိုလိုက် ကြပါတယ်။

တိုင်းရင်းသားပါတီ ၁၆ခုနဲ့ ဖွဲ့စည်းထားတဲ့ NBF ညီနောင် တိုင်းရင်းသား ပါတီများ ဖယ်ဒရေးရှင်းနဲ့ တခြားတိုင်းရင်းသားပါတီ ၄ခုတို့ ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ဆုံဆွေးနွေးခဲ့အပြီး ထုတ်ပြန်ခဲ့တဲ့ သဘောထား ကျေညာချက်ထဲမှာ အခုလို တိုက်တွန်း တောင်းဆို လိုက်တာပါ။

ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ လွတ်လပ်တဲ့ အဖွဲ့အစည်း၊ ကြားနေတဲ့ အဖွဲ့အစည်း ဖြစ်သင့်ပြီး တိုင်းရင်းသား ပေါင်းစုံ ပြည်နယ်နဲ့ တိုင်းဒေသကြီး ပေါင်းစုံက ကိုယ်စားလှယ်တွေ ပါဝင် ဖွဲ့စည်းသင့်တယ်လို့ ညီနောင် တိုင်းရင်းသား ပါတီများ ဖယ်ဒရေးရှင်းအဖွဲ့ဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ ဗညားအောင်မိုးက ပြောပါတယ်။

အခုလက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ တဦးတည်းက ရွေးချယ် ဖွဲ့စည်းထားတာ ဖြစ်ပြီး တပ်မတော် လူဟောင်းတွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ပါတီအပေါ် သံယောဇဉ် ကြီးတဲ့ သူတွေ ပါဝင်နေတယ်လို့ သူက ပြောပါတယ်။

သူ့အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ရပ်တွေကို ခံစားခဲ့ရပြီး ခက်ခက်ခဲခဲနဲ့ ယှဉ်ပြိုင် ရွေးကောက်ခံခဲ့ရတာ ဖြစ်တယ်လို့လည်း အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ ဗညားအောင်မိုးက ပြောပါတယ်။

ဖယ်ဒရယ်မူနဲ့ ကြည့်မယ် ဆိုရင် ဘယ်ဖယ်ဒရယ် နိုင်ငံမှာ မဆို ပြည်နယ်ရဲ့ ကိုယ်စားလှယ်တွေ အချိုးကျ ပါဝင်လေ့ ရှိတာမို့ အခု မြန်မာနိုင်ငံမှာလည်း ဗဟို ချုပ်ကိုင်မှုနည်းအရ လုပ်ခဲ့တာတွေကို ရှောင်သွေပြီး ဖယ်ဒရယ်နည်းအရ ဦးတည်ဖို့ ကြိုးစားတဲ့ သဘော ဖြစ်တယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ ဗညားအောင်မိုးက ပြောပါတယ်။