ရခိုင်အမျိုးသားကောင်စီ အဖွဲ့ဝင်တွေ မြန်မာပြည်မှာ ရောက်နေ

Image caption ဒီခရီးစဉ်ကနေ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ ANC က မျှော်မှန်းထား

ပြည်ပမှာ အခြေစိုက်တဲ့ ရခိုင် သံဃာ သမဂ္ဂ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ)၊ ရခိုင် ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး၊ ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေး ပါတီ ( NUPA) စတဲ့ အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ရခိုင် အမျိုးသား ကောင်စီ ANC ကိုယ်စားလှယ် ၈ ဦးဟာ မြန်မာပြည် တွင်းမှာ ရောက်ရှိနေပါတယ်။

ANC ရဲ့ လုပ်ငန်းစဉ်တွေကို လူထုကို ချပြဖို့ အခုလို လာရောက်တာ ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် လေ့လာရေး ခရီးစဉ်လည်း ဖြစ်တယ်လို့ ANC အဖွဲ့ အတွင်းရေးမှူး ကိုထွန်းဇော်က ဘီဘီစီကို ပြောပါတယ်။

ဒီခရီးစဉ်အတွင်း ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေး ပါတီတွေ၊ လူမှု အသင်းအဖွဲ့တွေ၊ သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။

ကြာသပတေးနေ့ တုန်းက ရွှေဂုံတိုင် Excel Tower မှာ ပြုလုပ်တဲ့ ANCနဲ့ လူထု တွေ့ဆုံ ဆွေးနွေးပွဲကိုတော့ လူပေါင်း ၁၀ဝ ကျော် တက်ရောက်ခဲ့ပါတယ်။

ANC ကိုယ်စားလှယ် အဖွဲ့ဟာ ရန်ကုန်မြို့ကနေတဆင့် ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ တခြားမြို့တွေကိုလည်း သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေဟာ အကဲဆတ်တဲ့ ကိစ္စရပ် ဖြစ်တာကြောင့် ဒေသခံ လူထုနဲ့ တွေ့ဆုံပြီး အားလုံးပူးပေါင်း ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ကိုထွန်းဇော်က ပြောပါတယ်။