ဧရာဝတီစာပေပွဲတော် အချိန်ကပ်ပြီး နေရာရွှေ့ရ

ဓာတ်ပုံ မူပိုင် Nay Lin BBC
Image caption နေရာရွေ့ရတဲ့အတွက် ကုသိုလ်တော် ဘုရား ဝင်းမဏ္ဍပ်မှာ တောင်းပန်နေတဲ့ ဒေါက်တာ အောင်မြင့်

မြန်မာနိုင်ငံမှာ ဒုတိယကြိမ်မြောက် ကျင်းပခွင့်ရတဲ့ ဧရာဝတီ စာပေပွဲတော်ကို မန္တလေး ကုသိုလ်တော် ဘုရားဝင်းမှာ စီစဉ်ထားပေမယ့် အချိန်ကပ်မှ ယဉ်ကျေးမှု ဝန်ကြီးဌာနဝန်ကြီး ခွင့်ပြုမိန့်မပေးလို့ နေရာရွှေ့ပြောင်းပေးရတာကြောင့် မူလစီစဉ်တဲ့အတိုင်း မဖြစ်ဘဲ ကျင်းပခဲ့ရပါတယ်။

ဒီမနက်ဖွင့်ပွဲနဲ့ ဟောပြောပွဲတွေလုပ်ဖို့ ကုသိုလ်တော်ဘုရားဝင်းမှာ အကျအန စီစဉ်ထားခဲ့ပေမယ့် ခွင့်ပြုမိန့်မရလို့ မန္တလေးဟေး ရီဆော့ဟိုတယ်ကို ပြောင်းရွှေ့လိုက်ရပါတယ်။ ဒါကြောင့် တက်ရောက်လာတဲ့ စာပေပညာရှင်တွေကို စာပေပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင် စာရေးဆရာ ဒေါက်တာအောင်မြင့် မန်းဆေးက တောင်းပန်ခဲ့ရပါတယ်။

ဒီစာပေပွဲတော် ဦးဆောင်ကော်မတီမှာ စာပေအသိုင်းအဝိုင်းနဲ့ မသက်ဆိုင်သူတွေ ဦးဆောင်တယ်ဆိုပြီး မန္တလေးက ကဗျာဆရာတွေနဲ့ စာပေပညာရှင်တွေက ကန့်ကွက်ခဲ့တာ ကြောင့်လည်း ဒီပွဲကို မြန်မာပြည်က နာမည်ကြီးစာရေးဆရာတွေ တက်ရောက်လာတာ မတွေ့ရပါဘူး။

ဒီနေ့စာပေပွဲတော်ဖွင့်ပွဲ အစနေ့မှာ မူလအစီအစဉ်တွေအတိုင်း မလုပ်နိုင်ခဲ့ပေမယ့် ပွဲမပျက်အောင်တော့ လုပ်နိုင်ခဲ့ပါတယ်။

ညနေပိုင်းမှာတော့ စာအုပ်အရောင်းဆိုင်တွေ အမှတ်တရပစ္စည်းဆိုင်တွေနဲ့ မြန်မာ့ရိုးရာစားသောက်ဆိုင်ပါ ဖွင့်နိုင်ခဲ့ပါတယ်။

မနက်ဖြန်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောမယ်လို့ သိရပါတယ်။