တန်ချိန် (၅၀)ရှိ ကျောက်စိမ်းတုံးကြီး တွေ့ရှိ

Image caption မြန်မာနိုင်ငံထွက် ကျောက်စိမ်းများ

ကချင်ပြည်နယ် ဖားကန့်မြို့ ဝေခါကျောက်မျက်မှော် လုပ်ကွက်မှာ ဒီလ အစောပိုင်းတုန်းက တနိုင်တပိုင် ကျောက်တူးဖော်သူတွေက ခန့်မှန်းခြေအားဖြင့် တန်ချိန် (၅၀)လောက်အထိ ရှိနိုင်မယ့် ကျောက်စိမ်းတုံးကြီး တစ်တုံးကို တွေ့ခဲ့ပါတယ်။

ကျောက်စိမ်း အရောင်အသွေးပါပြီး လုံးချောနေတဲ့ သဏ္ဍာန်ရှိတဲ့ ဒီကျောက်စိမ်းတုံးကြီးဟာ ဖားကန့်မှာ တနိုင်တပိုင် ကျောက်တူးသူ တွေခဲ့တဲ့ ကျောက်စိမ်းတုံးတွေ ထဲမှာတော့ အကြီးဆုံး ဖြစ်ပါတယ်။

အခုတော့ ဒီကျောက်စိမ်းတုံးကြီးကို တွေ့ခဲ့တဲ့ ကျောက်မျက်မှော်နေရာမှာဘဲ စစ်တပ်အစောင့်အရှောက်နဲ့ ထိန်းသိမ်းထားပြီး သတ္တုတွင်း ၀န်ကြီးဌာန ကလည်း လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက ပြောပါတယ်။

ကချင်ပြည်နယ် ဖားကန့်မှာ ရှိတဲ့ ကျောက်ကွက်တွေ တူးဖော်ခွင့်ကို နယ်မြေ မအေးချမ်းတာကြောင့်(၂၀၁၂)ခုနှစ် မေလကစပြီး သတ္တုတွင်း ၀န်ကြီးဌာနက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီဒေသမှာ တပိုင်တနိုင်တူးဖော်သူတွေ ကတော့ ဆက်ရှိနေ ပေမယ့် သူတို့တွေဟာ တရားမ၀င်တာကြောင့် ခုလို ကျောက်စိမ်းတုံးကြီးတွေ့တဲ့ အခါမှာ အစိုးရကို အပ်ရတယ်လို့ ဝေခါကျောက်မျက်မှော်မှာ အလုပ်လုပ်နေတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

လွန်ခဲ့တဲ့ (၁၀)နှစ်ကျော် လောက်တုန်းကတော့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တန်ချိန် (၃၀၀၀)လောက်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီးကို ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ ပတ္တမြားနဂါး ကုမ္ပဏီ တူးဖော် တွေ့ရှိခဲ့ဖူးပါတယ်။

ဒါ့အပြင် တန်ချိန် တစ်ရာကျော်ရှိတဲ့ ကျောက်စိမ်းတုံးတွေကိုလည်း ကုမ္ပဏီတွေက တူးဖော်ခဲ့ဖူးပေမယ့် အစိုးရက တိတိပပ သတင်းထုတ်ပြန်တာတော့ မရှိခဲ့ပါဘူး။

အခု တနိုင်တပိုင် ကျောက်တူးသူတွေ တွေ့ခဲ့တဲ့ ကျောက်စိမ်းကတော့ ဘယ်လောက် တန်ဖိုးရှိမလဲဆိုတာကို မခန့်မှန်းနိုင်သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ