ကံပေါက်ရွာတဝိုက် ပတ်၀န်းကျင်ထိန်းသိမ်းပေးဖို့ တောင်းဆို

ဓာတ်ပုံ မူပိုင် others
Image caption ချီတက် ဆန္ဒပြသူတွေ အများအပြားတွေ့ရ

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ရွာနဲ့ အနီးတဝိုက် ရွာတွေက ရွာသား တစ်ထောင်လောက်ဟာ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းက အသုံးပြုနေတဲ့ ရွာလမ်းကို ကတ္တရာ လမ်းခင်းပေးဖို့ နဲ့ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းပေးဖို့ နိုင်ငံခြားကုမ္ပဏီ (၃)ခုကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းဟာ ရွာတွေနဲ့ ကပ်ပြီး သွယ်တန်းထားလို့ အန္တရာယ်ရှိတာကြောင့် သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းပေးဖို့နဲ့ ကားလမ်းအဖြစ် အသုံးပြုနေတဲ့ ရွာလမ်းတွေမှာ ဖုန်တွေ ထူနေတာကြောင့် ကတ္တရာလမ်းခင်းပေးဖို့ ဒေသခံတွေက ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ပိုက်လိုင်း စီမံကိန်းဆောင်ရွက်နေတဲ့ ပြင်သစ်Total ကုမ္ပဏီ၊ မလေးရှား Petronas ကုမ္ပဏီ နဲ့ ထိုင်းPTTEPI ကုမ္ပဏီတွေမှာ တာ၀န်ရှိတာကြောင့် ဒီကုမ္ပဏီ (၃)ခုရှေ့မှာ သွားရောက် တောင်းဆိုခဲ့ကြတယ်လို့ ကံပေါက်ရွာ ဆန္ဒပြပွဲမှာ ဦးဆောင်ပါ၀င်ခဲ့သူ ကိုနီကို၀င်း က ပြောပါတယ်။ ဒေသခံရွာသားတွေကတော့ ဒီအတွက် ကုမ္ပဏီတွေနဲ့ (၂)ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဘာမှ ထူးခြားမလာတာကြောင့် အခုလိုဆန္ဒပြရတာလို့ ပြောပါတယ်။

ဒီစီမံကိန်းတွေဟာ ဒေသဖွံဖြိုးရေးနဲ့ ရွာသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း အနည်းအကျဉ်းဘဲ ရတာကြောင့် ကောင်းကျိုးထက် ဆိုးကျိုးက များနေတယ်လို့ ကိုနီကို၀င်းက ပြောပါတယ်။ ကံပေါက်ရွာအပါအ၀င် အနီးတဝိုက် ရွာပေါင်း(၁၆)ရွာက ဒေသခံတွေ ပါ၀င်တဲ့ ဒီဆန္ဒပြပွဲမှာတော့ နိုင်ငံခြားကုမ္ပဏီ(၃)ခုကို ပိုက်လိုင်းစီမံကိန်းကနေ ထွက်ပေးဖို့ တောင်းဆိုတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။