ရိုဟင်ဂျာ မွတ်ဆလင်တွေကို ခွဲခြားဆက်ဆံဖို့ မြန်မာက ပေါ်လစီ ချထားတယ်လို့ ဆို

ဓာတ်ပုံ မူပိုင် AFP
Image caption ဦးရဲထွဋ်ကတော့ တဘက်သတ် စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ ဆို

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ခွဲခြားဆက်ဆံဖို့ အစိုးရက ပေါ်လစီ ချမှတ် ထားပြီး အဲဒီအတိုင်း အာဏာပိုင်တွေက ကျင့်သုံး ဆောင်ရွက်နေတယ် ဆိုတဲ့ သက်သေ အထောက်အထားတွေ ရထားကြောင်း Fortify Rights လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့က ပြောပါတယ်။

သူတို့ရထားတဲ့ အစိုးရရဲ့ အမိန့်ကြေငြာချက်တွေ၊ ရုံးတွင်းစာတွေကို အခြေခံပြီး အစိုးရဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း ရိုဟင်ဂျာတွေရဲ့ အခြခံ လူ့အခွင့်အရေးတွေကို မူဝါဒချပြီး ချိုးဖောက်လာတာ ဖြစ်တယ်လို့ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ ကလေး ၂ ဦးထက် ပိုယူရင် ပြည်နယ် အစိုးရက ပြစ်ဒဏ်ပေးတာမျိုး ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေရဲ့ အိမ်ထောင်ပြုမှု၊ ခရီးသွားလာမှု တွေကိုလည်း အစိုးရက ထိန်းချုပ် ထားတယ်လို့ Fortify Rights လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့က ပြောပါတယ်။

ပြည်ထောင်စု အစိုးရဝန်ကြီးတွေရဲ့ မကြာသေးခင်က လွှတ်တော်မှာ ပြောကြားချက်တွေ ကလည်း ရိုဟင်ဂျာတွေကို ခွဲခြားဖိနှိပ်တဲ့ မူဝါဒကို ထောက်ခံတဲ့ သဘောတွေ့ရတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့ ကလေးမွေးဖွားမှုနှုန်း အဆမတန် မြင့်မားနေတာကြောင့် မြန်မာ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ တနေ့မှာ လူနည်းစု ဖြစ်ကောင်း ဖြစ်သွားနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ကတော့ Fortify Rights ရဲ့ ထုတ်ပြန်ချက်ဟာ အကျိုးအကြောင်း မခိုင်လုံတဲ့ တဘက်သတ် စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ တုန့်ပြန် ပြောဆိုလိုက်ပါတယ်။

တရားမဝင် ခိုးဝင်လာသူတွေကို စိစစ်ဖို့လိုတဲ့ အတွက် တကြောင်း၊ ပဋိပက္ခ ဖြစ်နေတဲ့ နေရာတွေမှာ အခြအနေတွေကို ပိုဆိုးမလာအောင် ထိန်းချုပ်တဲ့အနေနဲ့ နှစ်ဖက်စလုံးကို သွားလာမှု ကန့်သတ်ရတာမျိုးက တကြောင်း ရှိပေမယ့် လိုအပ်တာထက်ပိုပြီး သီးခြား ခွဲခြားပြီး လုပ်ကိုင်တာ မရှိဘူးလို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ