သီလဝါစီမံကိန်း ရှယ်ယာတွေ စရောင်း

Thilawa Special Economic Zone ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ အများပိုင်ကုမ္ပဏီ ပိုင်ဆိုင်မှုတွေထဲက တချို့ကို ရောင်းချမှာဖြစ်

သီလဝါ အထူး စီးပွားရေးဇုံက ရှယ်ယာ ရောင်းချမှု အစီအစဉ်ကို မတ်လ ၃ ရက် တနင်္လာနေ့က စတင်လိုက်ပါတယ်။

ဝယ်ယူလိုသူတွေက ရှယ်ယာ ဘယ်လောက် ဝယ်ချင်တယ် ဆိုတာကို အရင် အဆိုပြုရမှာ ဖြစ်တယ်လို့ သီလဝါ အထူး စီးပွားရေး စီမံကန်း အတွက် အဓိက တာဝန်ရှိသူ မြန်မာ နိုင်ငံ စီမံကိန်းနဲ့ စီးပွား ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြောပါတယ်။

ကုမ္ပဏီ အကြောင်း၊ ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းတွေ အကြောင်း၊ ရှယ်ယာတွေ ဘယ်လို ရင်းနှီးရမယ် ဆိုတဲ့ အကြောင်း၊ ရင်းနှီး ရာမှာ ဘယ်လို ဆုံရှုံးမှုမျိုးတွေ ရှိနိုင်တယ် ဆိုတာတွေကို လမ်းညွှန်စာအုပ် Prospectus မှာ အစုံအလင် ရေးသားပြီး အခမဲ့ ထုတ်ဝေ ထားတယ်လို့လည်း သူက ပြောပါတယ်။

ဒါကြောင့် ရှယ်ယာ ဝယ်လိုသူတွေ အနေနဲ့ အဲဒီ လမ်းညွှန် စာအုပ်ကို ဖတ်ပြီးမှ ရှယ်ယာ ဘယ်လောက် ဝယ်ချင်တယ် ဆိုတာ အဆိုပြုလွှာမှာ ထည့်ရေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှယ်ယာ ရောင်တဲ့ နေရာမှာ သီလဝါ ဒေသခံတွေ အတွက်နဲ့ တခြား အပြင်လူတွေ ဆိုပြီး နှစ်မျိုးခွဲခြားထားကြောင်း၊ ဒေသခံ မဟုတ်သူတွေက သူတို့ အဆိုပြုတဲ့ ပမာဏကို သတ်မှတ်ထားတဲ့ ဘဏ်ခွဲတွေမှာ Payment Order နဲ့သွားပေးကြရမှာ ဖြစ်ပေမဲ့ ဒေသခံတွေ အတွက်တော့ အဆိုပြုချိန် ကနေ တစ်လ နီးပါးကြာတော့မှ ငွေသား ပေးသွင်း သွင်းရမှာ ဖြစ်လို့ ဆိုပါတယ်။

ရှယ်ယာ တစ်ခုကို ကျပ်ငွေ တစ်သောင်းနဲ့ ဝယ်ယူနိုင်ကြမှာ ဖြစ်တယ်လို့ လည်းပြောပါတယ်။

ဘယ်သူတွေကို ဘယ်လောက် ရောင်းချမယ် ဆိုတာ ကုမ္ပဏီက ဆုံးဖြတ်တဲ့ အခါ ရှယ်ယာ အနည်းငယ် ဝယ်လိုသူတွေကို ဦးစားပေး ရောင်းချပြီး ကျန်တဲ့ ရှယ်ယာတွေကိုသာ အများအပြား ဝယ်လိုသူတွေကို ရောင်းမယ်လို့ ဦးဆက်အောင်က ပြောပါတယ်။

သီလဝါ စီမံကိန်းကို ရင်းနှီး တည်ဆောက်သူ ထဲမှာ မြန်မာ နိုင်ငံ အစိုးရ (၁၀ ရာခိုင်နှုန်း)၊ ဂျပန် အစိုးရ(၁၀ ရာခိုင်နှုန်း)၊ မြန်မာ ပုဂ္ဂလိကကို ကိုယ်စားပြုတဲ့ အများပိုင် ကုမ္ပဏီ(၄၁ ရာခိုင်နှုန်း)၊ ဂျပန် ပုဂ္ဂလိကကို ကိုယ်စားပြုတဲ့ အများပိုင် ကုမ္ပဏီ (၃၉ ရာခိုင်နှုန်း)စသဖြင့် ၄ ဦး ပါဝင်ပါတယ်။

အခု ထုတ်ရောင်းမယ့် ရှယ်ယာ တွေကတော့ မြန်မာ ပုဂ္ဂလိက အများပိုင် ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ထဲက တချို့ကို ရောင်းချမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ