ပြည်ပက မြန်မာ သံရုံးတွေရဲ့ ထက်ဝက်ပဲ မြန်မာပိုင်ဆိုင်

Burmese Embassy in Jarkata, Indonesia ဓာတ်ပုံ မူပိုင် ap
Image caption ပြီးခဲ့တဲ့နှစ်က ဂျာကာတာက မြန်မာသံရုံးရှေ့မှာ ချထားတဲ့ လုံခြုံရေးများ

ကမ္ဘာ တစ်လွှားမှာ ရှိတဲ့ မြန်မာသံရုံးပေါင်း ၄ဝ ထဲမှာ ထက်ဝက်ကျော်က ဝယ်ထားတဲ့ ကိုယ်ပိုင် မြေနဲ့ အဆောက် အဦတွေ မဟုတ်ဘဲ ငှားယူ ထားရတာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

၁၈ နိုင်ငံမှာ ကိုယ်ပိုင်မြေ ရှိပြီး ၂၂ နေရာ ကတော့ ငှားရမ်း ဖွင့်ထားရတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ နိုင်ငံပေါင်း ၁၂ဝ နဲ့ သံတမန် အဆက်အသွယ် ရှိနေတဲ့ မြန်မာနိုင်ငံက ပြည်ပမှာ မြေပိုင်နဲ့ သံရုံးဘယ်လောက် ရှိသလဲ၊ ဘယ်နိုင်ငံက သံရုံးမြေတွေကို ရောင်းချခဲ့လဲ စတဲ့ မေးခွန်းကို အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ အေးမောင်က မေးမြန်း ခဲ့ရာမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်ဦးလွင်က ဖြေခဲ့တာ ဖြစ်ပါတယ်။

သံရုံးမြေကို ရောင်းချခြင်း ရှိမရှိ အမေး ကိုတော့ ဖြေကြားခဲ့ခြင်း မရှိပါဘူး။

မြန်မာနိုင်ငံက က မြေဝယ်ပြီး ဖွင့်ထားတဲ့ သံရုံးတွေ ထဲမှာ ကာလ ပေါက်စျေးအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပိုင်ဆိုင်မှု ဒေါ်လာသန်း ၁၃ဝဝ ကျော်၊ အိန္ဒိယ နယူဒေလီက သံရုံးက ဒေါ်လာသန်း ၄ဝဝ ကျော်၊ ဂျပန်နိုင်ငံ တိုကျိုမြို့က သံရုံးက ဒေါ်လာ သန်း ၂၅ဝ နီးပါးဖြစ်တယ်လို့ ဒုတိယ ဝန်ကြီးက ပြောပါတယ်။

တန်ဖိုး အနည်းဆုံးက တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယား သံရုံးဖြစ်ပြီး ဒေါ်လာ ၄ သိန်းကျော်ပဲ တန်ပါတယ်။

ဂျပန်နိုင်ငံက မြန်မာသံရုံးမြေ တစိတ်တပိုင်းကို ရောင်းခဲ့ဖူးတယ် ဆိုတာတော့ မှန်တယ်လို့ ဆိုပေမဲ့ သံရုံးတွေကို ပြုပြင် ထိမ်းသိမ်းရေးနဲ့ ပတ်သက်လို့ မေးတာတွေကိုတော့ ကျေနပ်လောက်တဲ့ အဖြေ မရခဲ့ဘူးလို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဘန်ကောက်မှာ သံရုံး အသစ် ဆောက်ဖို့ အစီအစီအစဉ် ရှိကြောင်းနဲ့ တခြားက သံရုံးတွေကို ပြုပြင်ဖို့ ရှိတယ်ဆိုတာတွေကိုတော့ နိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်မြင့် အရာရှိ တစ်ယောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ