ဟောင်ကောင်ရောက် မြန်မာ အိမ်အကူတွေ အတွက် စိုးရိမ်

ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာ အိမ်အကူ အလုပ်သမားတွေမှာ လိုအပ်ချက် တချို့ မပြည့်စုံ

ဟောင်ကောင်ကို မြန်မာနိုင်ငံက အလုပ်သမား တင်ပို့တဲ့ အစီအစဉ်ရဲ့ ပထမဆုံး အသုတ်အဖြစ် မြန်မာ အိမ်အကူ မိန်းကလေး ၁၉ ယောက်ဟာ ဖေဖော်ဝါရီ ၁၈ ရက်က ဟောင်ကောင်ကို သွားရောက်ခဲ့ပါတယ်။

ဒါပေမယ့် ဟောင်ကောင်က တရားရုံးတွေမှာ အိမ်အကူတွေကို အိမ်ရှင်တွေက ဖိနှိပ်တာတွေ အနိုင်ကျင့်တာတွေနဲ့ ပက်သက်တဲ့ အမှုအခင်းတွေ တော်တော်များများ ရှိနေတဲ့အတွက် အသစ် ရောက်သွားတဲ့ မြန်မာ အိမ်အကူ လုပ်သားတွေအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံထဲက ထွက်လာတဲ့အခါ လုံလောက်တဲ့ အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်မှု၊ အင်တာနက်နဲ့ တခြား ဆက်သွယ်ရေး နည်းပညာတွေ ကျွမ်းကျင်မှု၊ ဒေသသုံး တရုတ်ဘာသာစကား ကျွမ်းကျင်မှုတွေ စတဲ့ လိုအပ်ချက်တွေ မပြည့်စုံကြတဲ့အတွက် ပိုပြီးစိုးရိမ်စရာ ဖြစ်တယ်လို့ ဟောင်ကောင်က အိမ်အကူတွေကို အကူအညီ ပေးနေတဲ့ HK Helpers Campaign အဖွဲ့က တွမ် ဂါဒီက ပြောပါတယ်။

ဟောင်ကောင်မှာ အိမ်အကူအဖြစ် အရင် ရောက်နှင့်နေကြပြီး အလုပ်လုပ်ကိုင် ကြတာ ကြာနေပြီ ဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေဟာ လူအင်အား များပြီး စုစုစည်းစည်း ရှိကြတဲ့အတွက် ကွန်ရက်လို ဖြစ်နေပြီး အချင်းချင်း အပြန်အလှန် ကူညီနိုင်ကြောင်းနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ အစိုးရတွေကလည်း အကူအညီ လိုအပ်တဲ့အခါ ပေးကြကြောင်း၊ ဒါပေမယ့် မြန်မာလုပ်သားတွေကို ဝန်ဆောင်မှု ပေးခဲ့တဲ့ အလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီကတော့ ပြဿနာ တစ်စုံတရာ ပေါ်ပေါက်လာရင် သူတို့ကိုသာ ပထမဆုံး ဆက်သွယ်ဖို့ မြန်မာ အလုပ်သမားတွေကို မှာထားတဲ့အကြောင်း မစ္စတာ ဂါဒီက ပြောပြပါတယ်။

မြန်မာ အိမ်အကူ အလုပ်သမားတွေကို မြန်မာနိုင်ငံက Gold Mine International ကုမ္မဏီနဲ့ ဟောင်ကောင်ဖက်က Golden Mind အလုပ်အကိုင် အကျိုးဆောင် ကုမ္ပဏီက ချိတ်ဆက်ပြီး ပို့ပေးခဲ့တာ ဖြစ်ပါတယ်။

အခု ဟောင်ကောင်ကို ရောက်သွားပြီ ဖြစ်တဲ့ ၁၉ ယောက်က ပထမအသုတ် ဖြစ်ပြီး ဒီနှစ်ထဲမှာ အိမ်အကူ အလုပ်သမား ၂၀၀၀ အထိ ပို့ဆောင်သွားဖို့ မျှော်မှန်းထား တယ်လို့ အဲဒီကုမ္မဏီတွေက ပြောပါတယ်။