ရုပ်သံဥပဒေကြမ်း ပြသနာတွေရှိနေဆဲ

Image caption လူထုအကြံပြုနိုင်အောင် သတင်းစာမှာ ဖေါ်ပြထားတဲ့ ဥပဒေကြမ်း

ပြန်ကြားရေး ဝန်ကြီးဌာနကနေ လွှတ်တော်ကို တင်သွင်းတဲ့ တတိယမြောက် ဥပဒေလို့ ပြောလို့ရတဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ စတင် ဆွေးနွေးနေပါတယ်။

အဲ့ဒီ ဥပဒေအရ ထိပ်တန်း အဆင့်မြင့် အာဏာပိုင် အရာရှိတွေ ပါဝင်တဲ့ လုပ်ငန်း ဖွံ့ဖြိုးရေး အဖွဲ့နဲ့ အရွေးကောက်ခံ ကိုယ်စားလှယ် ၉ ဦး ပါဝင်မယ့် ကောင်စီအဖွဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

လုပ်ငန်း ဖွံ့ဖြိုးရေး အဖွဲ့မှာ ပြည်ထဲရေး ဒုဝန်ကြီးနဲ့ ကာကွယ်ရေး ဝန်ကြီးဌာန စိတ်ဓာတ်စစ်ဆင်ရေးညွှန်မှုးတို့ အဖွဲ့ဝင်တွေအဖြစ် ပါဝင်မှာ ဖြစ်သလို၊ အရွေးကောက်ခံ ကောင်စီရဲ့ ဥက္ကဌလည်း အဖွဲ့ဝင်အဖြစ် ပါ၀င်ပါလိမ့်မယ်။

အခန်း ၁၄ ခန်း၊ ပုဒ်မ ၁၀၀ ကျော် ပါရှိတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ဒီဥပဒေကြမ်း မတိုင် မီမှာ ပြည်သူ့ဝန်ဆောင် မှူ မီဒီယာ ဥပဒေ၊ ပုံနှိပ် သူ များနဲ့ ထုတ်ဝေသူများဆိုင်ရာ ဥပဒေ ဆိုပြီးတော့ လွှတ်တော်ကို တင်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ဥပဒေ ထွက်လာတဲ့အခါ ရုပ်သံ မီဒီယာ လောက ဘယ်လောက် လွတ်လွတ် လပ်လပ် လုပ်ခွင့်ရ နိုင်မှာလဲ ဆိုတဲ့အပေါ် ‘ ဒီ ဥပဒေကြမ်းဟာ အသွင်ကူးပြောင်းရေးကာလ အတွက် ရည်ရွယ်ထားတာ မဟုတ်ပဲ၊ အရင် ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ မူဝါဒ ပေါ်လစီတွေအတိုင်း ရေးထားတာဖြစ်လို့၊ မီဒီယာ လောကသားတွေ ကိုယ်တိုင် ဥပဒေပါ အခြင်းအရာတွေကို သေသေချာချာ ဖတ်ပြီး သက်ဆိုင်သူတွေကို ထောက်ပြနိုင်အောင် ကြိုးစားကြရမယ်’ဆိုပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီ အတွင်းရေးမှူး ကိုကျော်မင်းဆွေက သုံးသပ်ပါတယ်။

ဒီစိုးရိမ်မှုတွေအပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ညာဏစိုးက လွှတ်တော်အနေနဲ့ မီဒီယာလောကသားတွေနဲ့ ပြည်သူအားလုံးရဲ့ အသံတွေအပေါ် နားစွင့်ရင်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒီ ဥပဒေဟာ ဒီအတိုင်း ထွတ်လာရင်တော့ ၂၀၁၀ လောက်က အစိုးရနဲ့ နှစ်ပေါင်း ၃၀ ကျော်စာ စာချုပ်ထားတဲ့ ရုပ်သံကုမ္မဏီကြီးတွေ အတွက် အချိုးအကွေ့ ဖြစ်လာနိုင်တယ် ဆိုတဲ့ ခန့်မှန်းမှု တွေလည်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ