မြန်မာအမျိုးသမီးတွေ ဘဝလုံခြုံမှု နဲ့ ဥပဒေ

အမျိုးသမီးတွေ ကာကွယ်ဖို့ ဥပဒေ ဓာတ်ပုံ မူပိုင် science photo library
Image caption အမျိုးသမီးတွေ ကို ကာကွယ်ဖို့ ဥပဒေ

အိန္ဒိယ နိုင်ငံ မှာ ဆေးကျောင်းသူလေး တယောက် ကို လူတစု က အုပ်စုဖွဲ့ မုဒိန်းကျင့် လို့ ဆေးကျောင်းသူလေး သေဆုံးတဲ့ အမှု ပေါ်ပေါက် ပြီး မကြာခင်မှာ အမျိုးသမီး ဓါတ်ပုံ သတင်းထောက် တယောက် ကို လည်း အုပ်စု ဖွဲ့ မုဒိန်းကျင့်မှု ဖြစ်ခဲ့ပါတယ်။

ဒီအမှု နဲ့ ပတ်သက်တဲ့ တရားခံ လေးယောက် ကို တရားရုံး က အပြစ်ရှိကြောင်း အမိန့်ချပြီး ကနေ့ မှာ အပြစ်ဒဏ် စီရင်ချက် ချမှတ်တော့မှာပါ။ အခု အချိန်မှာ မုဒိန်းမှု တွေ တိုးလာလို့ အိန္ဒိယ အစိုးရ က ကိုင်တွယ် အရေးယူမှု ကို အမြန် လုပ်လာတာ တွေ ရပါတယ်။

မြန်မာ နိုင်ငံမှာ ရော အမျိုးသမီး တွေ ဘဝ လုံခြုံမှု ရှိမရှိ နဲ့ တရားဥပဒေ အရ အကာအကွယ် ပေးတဲ့ အခြေအနေ နဲ့ ပတ်သက် လို့ CARE MYANMAR NGO အဖွဲ့ က အကြံပေး အရာရှိ နန်းဖြူဖြူလင်း ကတော့ မြန်မာနိုင်ငံက အမျိုးသမီးများ မတရား ပြုကျင့်ခြင်း က ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေဟာ ခေတ်နဲ့ လျော်ညီမှု မရှိတော့ဘူးလို့ လက်ခံသူတွေ ရှိသလို ဒီဥပဒေ ကို ပြုပြင် ပြောင်းလဲဖို့ လက်တွန့်နေတဲ့ လူတွေ လည်း ရှိဆဲ ဖြစ်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

မြန်မာ အမျိုးသမီးတွေ ဟာ အရင်က အရှက် အကြောက် တရားတွေကြောင့် ကိုယ်ထိလက်ရောက် စော်ကား ခံရရင် နှုတ်ပိတ် ရေငုံ လုပ်နေကြပေမဲ့၊ အခု တော့ အနည်းအကျဉ်း စပြီး ပြောလာတဲ့ အကြောင်း၊အထူးသဖြင့် တိုင်းရင်းသား ဒေသ တွေမှာ ဓလေ့ထုံးတမ်းတွေ ကြောင့် ရုံးရောက်၊ ရဲစခန်းရောက် စတာတွေ မရှိဘဲ၊ ရပ်ရွာ မှာဘဲ ခေါင်ရည်တအိုး၊ ဝက်တကောင် လျော်ပေးရုံ နဲ့ အမှု ကြေအေး ရတာတွေ ရှိတဲ့ အတွက် တိုင်းရင်းသူ တွေ နစ်နာ ရပုံ ကိုလည်း နန်းဖြူဖြူလင်း က ရှင်းပြပါတယ်။

ဒါကြောင့် ပြည်သူလူထု အနေနဲ့ တရားဥပဒေ ကို အကာအကွယ် ယူနိုင်အောင်၊ လက်ရှိ ကိုလိုနီ ခေတ် က ဥပဒေ ကို ပြန်ရေးဆွဲဖို့ လိုကြောင်း ဘီဘီစီ ကို ပြောပါတယ်။