နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီ

Border police force ဓာတ်ပုံ မူပိုင် Reuters
Image caption နစက ကို အသွင်ပြောင်းပြီး ရဲတပ်ဖွဲ့နဲ့ အစားထိုး ဖွဲ့စည်းမှာ ဖြစ်။

မြန်မာနိုင်ငံရဲ တပ်ဖွဲ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဆိုပြီး တပ်ဖွဲ့သစ် တခု စတင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဆိုပေမယ့် အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ်ရေး အဖွဲ့တွေပါ ပါဝင်ပြီး ပထမဆုံး အဖွဲ့ကို ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ တာဝန်ချထားမယ် လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်၊ လ၀ကနှင့် အကောက်ခွန်တို့ ပါ၀င်တဲ့ နစက လို့ အသိများတဲ့ နယ်စပ်ဒေသ ကွပ်ကဲရေးအဖွဲ့တွေ အရင်က ရှိခဲ့ပါတယ်။ နစက ကို ၂၀၁၃ ခုနှစ်မှာ ဖျက်သိမ်း လိုက်ပြီးနောက် အခုတော့ တပ်မတော် နေရာမှာ ရဲတပ်ဖွဲ့ ၀င်တွေ အစားထိုးပြီး နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ဦးဝင်းခေါင်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ရဲ့ အဓိက တာဝန်က နယ်စပ်ဒေသမှာ တရားမ၀င် ၀င်ရောက်လာနိုင်တဲ့ လူပုဂ္ဂိုလ်နှင့် မှောင်ခိုပစ္စည်းတွေကို ဖမ်းဆီးစစ်ဆေးဖို့ ဖြစ်တယ် လို့ဆိုပါတယ်။

နစကကို အသွင်ပြောင်းဖွဲ့တယ်လို့ ပြောရင်လည်း ရပါတယ်လို့ သူက ဆိုပါတယ်။ အရင်က နစက ကတော့ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိခဲ့ပြီး အခု နယ်ခြားစောင့်တပ် ကိုတော့ ရဲမှူးချုပ်တစ်ဦးက တိုက်ရိုက် ကွပ်ကဲမယ်လို့ သိရပါတယ်။

နစက တပ်ဖွဲ့တွေဟာ ဒေသခံတွေနဲ့ ဆက်ဆံရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့သလို၊ အကျင့်ပျက် လာဘ်စားမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့ပါတယ်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ အနေနဲ့တော့ တည်ဆဲ ဥပဒေတွေ အတိုင်း တိတိကျကျ လုပ်သွားမှာ ဖြစ်ပြီး ပွင့်လင်းမြင်သာမှု တွေလည်း ပိုရှိလာပြီ ဖြစ်တဲ့ အတွက် ဥပဒေ ချိုးဖောက်မှုတွေ ရှိလာရင်လည်း အရေးယူမှုတွေရှိမှာ ဖြစ်တယ်လို့ ဦးဝင်းခေါင်က ပြောပါတယ်။

အခု လောလောဆယ်မှာ နယ်ခြားစောင့် တပ်တတပ်ကို စဖွဲ့ပြီး ရခိုင်ပြည်နယ်မှာ အခြေချလို့ အနောက်ဖက် စည်းရိုးကို စောင့်ကြပ်သွားမှာ ဖြစ်တယ်။ နောက်ပိုင်း လိုအပ်လာရင် တခြား နယ်စပ်ဒေသတွေမှာလည်း တပ်ဖွဲ့ တွေ တိုးချဲ့ ဖွဲ့စည်းသွားဖို့ ရှိတယ်လို့ ရဲမှူးချုပ် ဦးဝင်းခေါင်က ပြောခဲ့ပါတယ်။