ကားတင်သွင်းသူတွေအပေါ် ကညန အခွန် လျှော့ပေါ့

ဓာတ်ပုံ မူပိုင် Getty
Image caption ဝင်ငွေနည်းသူတွေ ကားဝယ်နိုင်အောင် ရည်ရွယ်တယ်လို့ဆို

မြန်မာနိုင်ငံကို ကားတင်သွင်းရာမှာ ပေးဆောင်ရမယ့် ကညန အခွန်တွေကို သိသိသာသာ လျှော့ပေးတော့မှာ ဖြစ်ပါတယ်။

နိုင်ငံခြားကနေ ကားတစ်စီးသွင်းလာရင် ကာစတမ် ဂျူတီနဲ့ ကညန အခွန် ဆိုပြီး ၂ မျိုးပေးရပါတယ်။ အခု ကညန အခွန်တွေ သက်သာခွင့်ရမှာ ဖြစ်ပါတယ်။

တချို့ ကားတွေကို သတ်မှတ်အုပ်စု ပြောင်းပေးလိုက်လို့ ၉၅ ရာနှုန်းအထိ အခွန် သက်သာသွားမှာ ဖြစ်ပါတယ်။

အရင်က အိမ်စီးကား စာရင်းမှာ ထည့်ထားတဲ့ အတွက် ကညန အခွန်ကို ၁ဝဝ ရာခိုင်နှုန်း အပြည့် ပေးခဲ့ရတဲ့ လူ ၁၁ ယောက်နဲ့ အထက် ဘတ်စ်ကား အငယ်လေးတွေ ဆိုရင် အုပ်စုပြောင်း သတ်မှတ်တာ ခံရလို့ ကညန အခွန် ၉၅% အထိ သက်သာ သွားမှာ ဖြစ်ပါတယ်။ ဘတ်စ်ကား ဆိုရင် ၅% ပဲ ပေးရတဲ့တွက် အုပ်စုပြောင်း သတ်မှတ်တာ ခံရတဲ့ မီနီဘတ်စ်လေးတွေ ၉၅ % သက်သာခွင့် ရသွားတာ ဖြစ်ပါတယ်။ လမ်းအကြမ်းတွေမှာ သုံးတဲ့ ဖိုးဝီးဒရိုက်တို့လို ကားမျိုး၊ နယ်စွန်နယ်ဖျားမှာ အကြမ်းသုံးမယ့် ကုန်တင်ကား တို့လို ကားမျိုးတွေလည်း ကညနအခွန် သက်သာခွင့်ရမှာ ဖြစ်ပါတယ်။

အိမ်စီးကားတွေကိုတော့ အင်ဂျင်စက်အား အကြီးအသေးပေါ် မူတည်ပြီး ကညန အခွန် လျှော့ပေးမယ်လို့ ဆိုပါတယ်။ တချို့ဆိုရင် ၆ဝ ရာခိုင်နှုန်းအထိ သက်သာခွင့် ရသွားနိုင်ပါတယ်။ အသေးစိတ်ကိုတော့ အခုရက်ပိုင်းမှာ ကြေညာချက် ထုတ်ပြန်ဖို့ ရှိပါတယ်။

အခုလို ကညန အကောက်ခွန် ဖြေလျှော့ပေးတာက သယ်ယူပို့ဆောင်ရေးမှာ အသုံးပြုတဲ့ ကားအမျိုးအစားတွေနဲ့ ဝင်ငွေနည်းသူတွေ ကားဝယ်သုံးနိုင်အောင် ရည်ရွယ်တယ်လို့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက အဆင့်မြင့်အရာရှိ တစ်ဦးက ရှင်းပြပါတယ်။

ကားတင်သွင်းတဲ့ အခွန်တွေ လျှော့ပေးရင်တော့ မီနီဘတ်စ် အသေးစားလေးတွေကို ပိုသွင်းလာနိုင်တယ်လို့ ရန်ကုန်မြို့က ကားရောင်းဝယ်ရေးမှာ ကျွမ်းကျင်သူ ဦးခင်ဝင်းက ခန့်မှန်းပါတယ်။

ဒီလို ကညနအခွန် သိသိသာသာ လျှော့ပေါ့သွားပေမယ့် အကောက်ခွန် ကာစတမ်ဂျူတီ ခွန်ကတော့ ဘယ်လောက် လျှော့မလဲဆိုတာ လောလောဆယ် မသိရသေးပါဘူး။ ဒါပေမယ့် ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အဝန်း အခွန်ကင်းလွတ်ခွင့်က နောက်နှစ်မှာ စတင်မှာဖြစ်လို့ ကာစတမ် ဂျူတီခွန်တွေလည်း လျှော့လာဖို့ရှိတယ်လို့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ အဆင့်မြင့်အရာရှိက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ