သန်းခေါင်စာရင်း ကောက်ခံမှု အခြေအနေ

သန်းခေါင်စာရင်း ကောက်ခံမှု အခြေအနေ

Image caption သန်းခေါင်စာရင်း ကောက်နေပုံ

စစ်တွေမြို့မှာ အန်ဂျီအိုရုံး တွေ အတိုက်အခိုက် ခံခဲ့ရပြီး နောက်၊ ဆူပူမူတွေ နဲ့ မတည်မငြိမ် ဖြစ်ခဲ့ရ တဲ့ ရခိုင်ပြည်နယ်မှာ၊ သန်းခေါင်စာရင်း ကောက်ယူ ရာမှာလည်း ရိုဟင်ဂျာ ဆိုတဲ့ နာမည်ကို သုံးစွဲရင် ရခိုင် တစ်ပြည်နယ်လုံး သပိတ်မှောက်မယ် ဆိုတဲ့ အတွက်၊ ရှုပ်ထွေးမူတွေ နဲ့ မတည်ငြိမ်မူတွေ ထပ်မံ ပေါ်ပေါက် ခဲ့ရပါတယ်။

ဒီကနေ့ ၃၀ ရက် မတ်လ မှာတော့၊ ရခိုင်ပြည်နယ် သန်းခေါင်စာရင်း ကောက်ယူမှုမှာ ရိုဟင်ဂျာ နာမည် မထည့်ဘူးလို့ ပြည်နယ် အစိုးရဆီက စာရွက်စာတမ်း ထုတ်ပြန်ပြီး ခိုင်လုံတဲ့ ကတိက၀တ် ရတဲ့အတွက် မှောက်ထားတဲ့ သပိတ် လှန်လိုက်ပြီး၊ မြို့နယ် အတော်များများမှာ သန်းခေါင်စာရင်း ကောက်ယူနေပြီ ဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ် တောင်ပိုင်း ချိန်ခါလီ ကျေးရွာမှာတော့ ရိုဟင်ဂျာနာမည် ထည့်ဖို့ တောင်းဆိုတဲ့ အတွက် သန်းခေါင်စာရင်း မကောက် ဖြစ်ခဲ့ဘူးလို့ ရွာလူကြီး တစ်ဦးက ပြောပါတယ်။

အခုလို သပိတ်ကို ရုတ်သိမ်းလိုက်တဲ့ အတွက် သန်းခေါင်စာရင်း ကောက်ယူမူကို ဒီကနေ့ ရခိုင်ပြည်နယ်မှာ စတင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မူဆလင် အသိုင်းအဝိုင်း ဘက်ကတော့ သန်းခေါင်စာရင်း အကောက်မခံဘဲ ဆန့်ကျင်နေတယ်လို့ သိရပါတယ်။ ရသေ့တောင်မြို့နယ် တောင်ပိုင်း၊ ချိန်ခါလီ ကျေးရွာမှာတော့ ရိုဟင်ဂျာနာမည် ထည့်ဖို့ တောင်းဆိုတဲ့ အတွက် သန်းခေါင်စာရင်း မကောက်ဖြစ်ခဲ့ဘူး လို့ ရွာလူကြီး တစ်ဦးက ပြောပါတယ်။

ဒီကနေ့ မောင်တောမြို့ပေါ် မူဆလင် ရပ်ကွက်တွေက ၅၄ အိမ်ကို ကောက်ခံရာမှာ၊ ၃ အိမ်ကသာ စာရင်းထည့် ခဲ့ပြီး၊ ၅၁ အိမ်က ငြင်းပယ်ခဲ့တယ် လို့ ဆိုပါတယ်။

တခါ၊ အင်းစိန်မြို့နယ်ထဲက ကရင်အများစု နေထိုင်ရာ တောင်သူကုန်း ရပ်ကွက်ထဲက အခြအနေတွေကို ဘီဘီစီက စနည်း နာကြည့်တဲ့ အခါမှာ၊ ကျောင်း ဆရာ၊ ဆရာမတွေက တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း လိုက်လံ ကောက်ယူတာလို့ ဆိုပါတယ်။

သန်းခေါင်စာရင်း ကောက်တာကို ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ (UNFPA) က ကူညီမှုတွေ ပေးထားပြီး နိုင်ငံတကာ ကိုယ်စားလှယ်တွေ ကလည်း မြန်မာနိုင်ငံကို လာပြီး လေ့လာ စောင့်ကြည့် နေကြပါတယ်။

ဒါပေမယ့် ပြည်သူတွေကတော့ အရင် အစိုးရ အဆက်ဆက်ကို အယုံအကြည် မရှိခဲ့တဲ့အတွက်၊ ဒီလို သန်းခေါင်စာရင်း ကောက်ရာမှာလည်း လက်ရှိ အစိုးရက သူတို့ရဲ့ အချက်အလက်တွေ မေးမြန်းတာနဲ့ ပတ်သက်ပြီး သံသယတွေ ရှိနေတာကို တွေ့ရပါတယ်။