တစည ပါတီ ဥက္ကဌ ကွယ်လွန်

ဓာတ်ပုံ မူပိုင် NUP

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တ၊စ၊ည) ဥက္ကဌ ဦးထွန်းရီ ဟာ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။

တ၊စ၊ည ပါတီ ဥက္ကဌ ဦးထွန်းရီ ဟာ ဆီးနဲ့ ပတ်သက်တဲ့ ရောဂါကြောင့် ဗုဒ္ဓဟူးနေ့ ညပိုင်း က SSC ဆေးရုံကို တက်ရောက် ကုသခဲ့ပြီး (၂)ရက် အကြာ သောကြာနေ့ မနက် (၂)နာရီ မိနစ် (၄၀) လောက်မှာ ကွယ်လွန်သွားတာ ဖြစ်တယ် လို့ တ၊စ၊ည ပါတီက ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဟန်ရွှေ က ရှင်းပြပါတယ်။

ဆေးရုံတင်လိုက်ရတဲ့ နေ့အထိ ပုံမှန် ရုံးတက်ပြီး ပါတီတာဝန်တွေကို ထမ်းဆောင်နေခဲ့တယ်လို့လဲ သူက ဆက်ပြောပါတယ်။ ဦးထွန်းရီရဲ့ ရုပ်အလောင်းကို လာမယ့် တနင်္ဂနွေနေ့ကျရင် ရေဝေး သုသာန်မှာ သဂြိုဟ်မှာပါ။

ခုလောလောဆယ်မှာတော့ အသုဘ အခမ်းအနားကို တင့်တင့်တယ်တယ် ပြုလုပ်နိုင်ဖို့ပဲ အဓိက လုပ်နေပြီး လစ်လပ်သွားတဲ့ ပါတီရဲ့ ခေါင်းဆောင်မှု နေရာမှာ လူစားထိုး ခန့်အပ်ဖို့ နဲ့ ရှေ့ လုပ်ငန်းစဉ်တွေကို နောက်ပိုင်းကျမှ ဆက်ဆောင်ရွက်မယ်လို့ ဦးဟန်ရွှေက ပြောပါတယ်။

ဦးထွန်းရီ ဟာ ဂျပန်ခေတ် ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) မှာ တပ်သား ဘဝကနေ မြန်မာ့ တပ်မတော် ရဲ့ ဒု ကာကွယ်ရေး ဦးစီးချုပ် ရာထူး အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး တရုတ်နယ်စပ်မှာ ဗကပထိုးစစ်တွေကို ခုခံခဲ့ရတဲ့ စစ်ပွဲတွေမှာ လူသိများတဲ့ စစ်ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

၁၉၈၅ ခုနှစ်မှာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ(မဆလ)ကို ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွေ ကျင်းပတဲ့ အခါ ဦးထွန်းရီဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ခေါင်းဆောင်တစ်ဦး အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း မြင်းမူမြို့ ဇာတိဖွား ဦးထွန်းရီ ဟာ ကွယ်လွန်ချိန်မှာ အသက်(၈၈)နှစ် ရှိပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ