၂၀၁၃ ခု မှ၂၀၁၄ ခု မြန်မာနိုင်ငံစစ်တမ်း

_bbc_304x171 ဓာတ်ပုံ မူပိုင် bbc
Image caption သုတေသန စစ်တမ်း ကောက်ယူမှု

အမေရိကန်ပြည်ထောင်စု မှ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ရဲ့ ထောက်ပံ့မှု နဲ့ IRI International Republican Institute မှ ဉီးဆောင်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ စစ်တမ်း ကောက်ယူချက် မှာ နိုင်ငံသားတွေဟာ ဒီမိုကရေစီ လမ်းစဉ် ကို ထောက်ခံ အားပေး ကြောင်း မကြာမီ ရက်ပိုင်း က ထုတ်ပြန် တဲ့ ကြေညာချက် မှာ ဖေါ်ပြ ထားပါတယ်။

ဒီစစ်တမ်း ကို ၂၀၁၃ ခု ဒီဇင်ဘာလ ကနေ ၂၀၁၄ ခု ဖေဖေါ်ဝါရီလ အတွင်း ကောက်ယူထားတာပါ။ ဒီစစ်တမ်း ပါ အရ ၇၆ ရာခိုင်နှုန်း ဟာ ဒီမိုကရေစီ စနစ် ဆီသွားရာမှာ အခက်အခဲတွေ ရှိပေမဲ့ အခြေအနေ တိုးတက်မှု ရှိတယ်လို့ ပြောသလို၊ တချို့ကတော့ စီးပွားရေး၊ ဥပဒေ စိုးမိုးရေး အပိုင်းတွေမှာ လစ်ဟာမှု ရှိတယ် လို့ ဆိုပါတယ်။

ဒီစစ်တမ်း ကို ကောက်ယူခဲ့ပုံ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ IRI ဌာနေ ဒါရိုက်တာ Steve Cima က၊ သူတို့ဟာ မြန်မာနိုင်ငံတွင်းရှိ တိုင်း နဲ့ ပြည်နယ် ၁၄ ခု က မြို့ပြ ၂၀ဂ ခုနဲ့ ရပ်ကွက်နဲ့ ကျေးရွာ ၉၂ ခု ကို အခြေခံပြီး အရွယ်ရောက် အမျိုးသား နဲ့ အမျိုးသမီး ၃ဝဝဝ ခန့် ကို မေးမြန်း ပြုစုခဲ့ကြောင်း၊ မြန်မာနိုင်ငံ စစ်တမ်း သုတေသန အဖွဲ့ ရဲ့ အကူအညီ နဲ့ နိုင်ငံ တကာ အဆင့်မီ ကောက်ယူခဲ့တာ ဖြစ်လို့ မှန်ကန်မှု၊ အတိုင်းအတာ အရ ကျေနပ်မှု ရှိကြောင်း ဘီဘီစီ ကို ပြောပါတယ်။

အခြေခံ ဥပဒေ နဲ့ ပတ်သက်လို့ ပြင်ဆင်သင့်၊ မသင့် မေးမြန်း စစ်တမ်းယူရာမှာတော့ ၅၄ ရာခိုင်နှုန်း က ပြင်ဆင်သင့် ကြောင်း ပြောသလို၊ ၃၂ ရာခိုင်နှုန်း က ပြင်စရာ မလိုတဲ့ အကြောင်း၊ ၁၅ ရာခိုင်နှုန်း ကတော့ သူတို့ နားမလည်ပုံ၊ ပြောကြတယ် လို့ Steve Cima က ပြောပါတယ်။

စီးပွားရေး အပိုင်း မှာတော့ မြန်မာနိုင်ငံ ဟာ အိမ်နီးချင်း နိုင်ငံတွေ နဲ့ နှိုင်းစာရင် ဆင်းရဲတယ် လို့ ဆိုနိုင်ပေမဲ့ ပြည်သူ အများစု က ပြီးခဲ့တဲ့ ၂ နှစ် နဲ့ နှိုင်းစာရင် တိုးတက်မှု ရှိလာတယ်၊ လာမယ့်နှစ် တွေ မှာ ပိုပြီး ဖွံ့ဖြိုးလာမယ် လို့ မျှော်လင့်ကြတဲ့ အကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ IRI ဌာနေ ဒါရိုက်တာ Steve Cima က စစ်တမ်းပါ အချက်အလက် တွေ ကို ဘီဘီစီ ကို ပြောပါတယ်။