အန်ဂျီအိုတွေကို ကာကွယ်ဖို့ အစိုးရ ကတိပေး

ဓာတ်ပုံ မူပိုင် AFP
Image caption စစ်တွေမြို့က ဖျက်ဆီးခံရတဲ့ အန်ဂျီအို ရုံးခန်းတစ်ခု

နိုင်ငံတကာ အန်ဂျီအိုတွေ လုံခြုံစိတ်ချစွာ လုပ်ငန်း ဆောင်ရွက်နိုင်ဖို့ အတွက် အကာအကွယ် ပေးသွားပါ့မယ်လို့ မြန်မာ အစိုးရက ကတိပြု လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ကုန်ပိုင်းက စစ်တွေမြို့မှာ အလုပ်လုပ်နေကြတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းတွေရဲ့ ရုံးတွေ၊ အိမ်တွေ၊ သိုလှောင်ရုံတွေကို လူအုပ်စုတွေက တိုက်ခိုက်ခဲ့ပြီး အပျက်အစီး အနေနဲ့ တန်ဖိုးအားဖြင့် ကျပ်ငွေ သိန်း ၄၃၀ နဲ့ ဒေါ်လာ ၄ သိန်း ၃ သောင်းခန့် ရှိပါတယ်။

အန်ဂျီအို အမျိုးသမီး ဝန်ထမ်း တစ်ယောက်က သာသနာ့အလံကို မဖွယ်မရာ လုပ်တယ် ဆိုတဲ့ ကောလာဟလ ပျံ့နှံ့လာပြီးတဲ့နောက် အခုလို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။

အစိုးရ ထုတ်ပြန်တဲ့ သတင်းမှာ အဲဒီ ဝန်ထမ်းဟာ သာသနာ့အလံကို မဖွယ်မရာ လုပ်ခဲ့တဲ့ စိတ်ထား မရှိကြောင်း ရေးသားထားပါတယ်။

တိုက်ခိုက်တဲ့ သူတွေကိုကော မမှန်တဲ့သတင်း ဖြန့်သူတွေကိုပါ အရေးယူသွားမယ်လို့ အစိုးရက ကြေညာပါတယ်။

အဲဒီအရေးနဲ့ ပတ်သက်ပြီး အစိုးရ က ဖွဲ့စည်းပေးထားတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဥက္ကဌ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း က ဒေသခံအာဏာပိုင်တွေ ရဲ့ ကိုင်တွယ်ဆောင်ရွက်မှုအားနည်းတာ လို့ လည်း ပြောနိုင်သလို ပြည်သူတွေရဲ့ အားပေးကူညီမှု လိုနေတယ် လို့ သုံးသပ်ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ