ကချင်ပြည်နယ်မှာ ဒုက္ခသည်တွေ ထွက်ပြေးနေရဆဲ

Peace Talks ဓာတ်ပုံ မူပိုင် MPC
Image caption နိုင်ငံတဝန်း အပစ်ရပ်ရေး ဆွေးနွေးနေကြချိန်မှာပဲ ကချင် ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်

ကချင် ပြည်နယ် ဗန်းမော်ခရိုင် အတွင်းမှာ ဧပြီ လဆန်းပိုင်းက ပြန်လည် စတင် ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ ဆက်လက် ထွက်ပြေးနေကြရပြီး ဒေသတွင်းမှာ တင်းမာမှုတွေ ရှိနေ ပါတယ်။

ဧပြီလ ၁၇ ရက်နေ့ က မိုးမောက်အနီး မန်စီ မြို့နယ် အတွင်း နေရာ တချို့မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်ရှိန် မြင့်တက်နေတယ်လို့ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်ဖွဲ့က တပ်ဖွဲ့ဝင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

မိုးမောက်မြို့နယ် စိန်လုံ ဘက်မှာ အစိုးရ စစ်တပ်က ကေအိုင်အေ တပ်မဟာ ၃ တပ်ရင်း ၁ ဌာနချုပ်ရှိရာ အင်ဘာဘာကို ဦးတည်ပြီး အမြောက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

ဒါ့အပြင် ကျောက်စခန်း ဘက်ကနေလည်း ပြောင်းရှည် အမြောက်ကြီးတွေနဲ့ ကေအိုင်အေ ရှေ့တန်းစခန်း နေရာတွေဘက်က မှန်းဆ ပစ်ခတ်ခဲ့တယ်လို့ ကေအိုင်ရှေ့တန်း စစ်ဘက်ရပ်ကွက် က ပြောပါတယ်။

အစိုးရ စစ်တပ်က တပ်မ ၉၉ နဲ့ တပ်မ ၁၁ လက်အောက်ခံ တပ်ရင်း ၁၀ ရင်းက အင်အား ၈၀၀ ကို အသုံးပြုပြီး စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့် လုပ်ဆောင်ရာမှာ ဧပြီ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေ တုန်းကလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ ပါတယ်။

၁၆ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲက အပြင်းထန်ဆုံးဖြစ်ပြီး အစိုးရ စစ်တပ်ဘက်ကရော ကေအိုင်အေ ဘက်မှာပါ သေဆုံး ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

ကြာသပတေးနေ့က တိုက်ပွဲတွေကြောင့် မန်စီ မြို့နယ် အတွင်းက ကချင် ရွာတွေအနား အထိ လက်နက်ကြီးတွေ ကျရောက်ခဲ့တဲ့ အတွက် အမျိုးသမီးတွေ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးတွေ ပါတဲ့ ဒုက္ခသည် ၂၀၀ လောက်က အိုးအိမ် စွန့်ပြီး ထွက်ပြေး လာကြတာ သောကြာနေ့ အထိ လမ်းခုလပ်မှာ ပဲ ရှိကြ သေးတယ်လို့ WPM အာရှ အလင်း အန်ဂျီအို အဖွဲ့က ဒေါ်မေရီတော်မ်က ပြောပါတယ်။

အရင်ရက်တွေ ကတည်းက နမ့်ခမ်း ဒုက္ခသည် စခန်းကို ရောက်လာ ကြတဲ့ ဒုက္ခသည်တွေ မှာတော့ အတည် တကျ ခိုလှုံနိုင်တဲ့ အနေအထား မရှိသေးတဲ့ အတွက် သောကြာနေ့ကပဲ ထပ်မံ ရွှေ့ပြောင်း ကြရပြန်တယ်လို့ သူတို့ကို ကူညီ ဆောင်ရွက်ပေး နေတဲ့ မေတ္တာ ဖောင်ဒေးရှင်း အဖွဲ့က ဒေါ်ဂျာနူးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ