မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ် မူးယစ်ပြဿနာ

_border_guard_bangladesh ဓာတ်ပုံ မူပိုင် AP
Image caption ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်

မြန်မာနိုင်ငံဘက်ကနေ ခိုးသွင်းတဲ့ မူးယစ်ဆေးဝါးတွေကို၊ ဘင်္ဂလားဒေ့ရှ်ဘက်မှာ မကြာခဏ ဖမ်းဆီးမိနေတဲ့ အတွက်၊ ၂ နိုင်ငံ အစိုးရခြင်းတွေ့ဆုံပြီး၊ ဒီမူးယစ်ဆေး ပြဿနာ ဖြေရှင်းဖို့ရာ နည်းလမ်းတွေ ရှာဖွေကြဖို့ တောင်းဆိုသွားမယ် ဆိုပြီး၊ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး ဌာနက မနေ့က ပြောလိုက်ပါတယ်။

ယာဘလို စိတ်ကြွဆေးပြားတွေနဲ့ ဖန်ဆီဒိုင်းလို မူးယစ်ဆေးတွေ၊ မြန်မာနိုင်ငံ ဗူးသီးတောင် မောင်းတော ဒေသတွေကို ဖြတ်ပြီး၊ ကောက်ဘဇားကို အဓိက ဝင်ရောက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဆိုပါတယ်။

ဒီကိစ္စကို ဖေရှင်းဖို့ရာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးကိုယ်တိုင် သောကြာနေ့ကတည်းက၊ မြန်မာနဲ့ နယ်စပ် တက်ဖနက်ကို ရောက်ရှိနေပါတယ်။

ဒီ မူးယစ်ဆေး ပြဿနာဟာ ဖြစ်ပေါ်နေခဲ့တာ ကာလအတန်ကြာပြီမို့၊ မြန်မာ အစိုးရနဲ့ ဆွေးနွေးတဲ့အခါ၊ အဖြေရှာဖို့ အလုပ်ဖြစ်နိုင်တဲ့ နည်းလမ်းတွေ ရရှိလာဖို့ မျှော်လင့်ထားကြောင်းလည်း၊ ပြည်ထဲရေး ဝန်ကြီးက သတင်းဌာနတွေကို ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး၊ မြန်မာနယ်စပ် တက်ဖနက်ကို သောကြာနေ့က ရောက်လာတာ၊ အရေးပေါ် ခရီးစဉ် သဘောမျိုးလို့ ဒါကာမြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ အဲဒီ့ မတိုင်ခင် တစ်ရက်က၊ မြန်မာနိုင်ငံဘက်ကနေ မူးယစ်ဆေးတွေ ခိုးသွင်းလာသူတွေနဲ့၊ ဘင်္ဂလားဒေ့ရှ် ရဲတွေ အပြန်အလှန် ပစ်ခတ်ခဲ့ကြရာက၊ ရဲ ၃ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

မူးယစ်ဆေး ခိုးသွင်းလာသူတွေဟာ နတ်မြစ်ကို ကူးလာကြတုန်း၊ ထောက်လှမ်းရေး သတင်းတွေ အရ၊ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက လှေကို ရပ်တန့် ခိုင်းစဉ်၊ အပစ်ခံခဲ့ရတာလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ် ဖမ်းဆီးခြင်းကို ခံခဲ့ရသူကတော့၊ မောင်းတောမြို့နေ မိုဟာမက် အားနက်စ် လို့ သိရပြီး၊ သူနဲ့အတူ အခြား ၂ ဦးပါ ယာဘ စိတ်ကြွဆေးပြား ၂ သောင်းကျော် လက်ဝယ် တွေ့ရှိမှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သူတို့ဟာ၊ ဘင်္ဂလားဒေ့ရှ်ဘက်က အရင်တုန်းက မိထားခဲ့တဲ့ အခြား မူးယစ်ဆေးတွေနဲ့လည်း ဆက်နွယ် နေတယ်လို့လည်း၊ ယူဆ ထားကြပါတယ်။ သူတို့နဲ့အတူ လှေပေါ်ပါလာကြတဲ့၊ ကျန် ခရီးသည် ၂၁ ဦး ကိုတော့၊ မြန်မာပြည်ဘက် ပြန်ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ