အစိုးရ ထိုးစစ်တွေကို ဗိုလ်ချုပ်ဂွမ်မော် ဝေဖန်

ဓာတ်ပုံ မူပိုင် MPC
Image caption ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ KIO အဖွဲ့တို့ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့

မြန်မာအစိုးရ တပ်တွေက KIA ကချင် လွတ်မြောက်ရေး တပ်ဖွဲ့တွေရဲ့ နယ်မြေတွေကို အခု ရက်ပိုင်းတွေ အတွင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဟာ KIAကို ငြိမ်းချမ်းရေး လက်မှတ် အမြန် ထိုးနိုင်အောင် ဖိအားပေးဖို့ သဘောနဲ့ လက်မှတ်ထိုးအပြီး KIA အင်အား လျော့သွားအောင် လုပ်ဖို့ သဘောမျိုးလို့ ယူဆရကြောင်း အမေရိကန်မှာ ရောက်နေတဲ့ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ဘီဘီစီကိုပြောပါတယ်။

ငြိမ်းချမ်းရေး ရဖို့ လိုလားကြောင်း သမ္မတ ဦးသိန်းစိန်က ထုတ်ဖော် ပြောထားသလို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ KIA အဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်နေချိန် မျိုးမှာ အခုလို တိုက်ပွဲတွေ ဖြစ်နေတာဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ယုံကြည်မှု အများကြီး လျော့သွားစေတယ်လို့လည်း ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။

ကချင်ဒေသမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ အတူ NCCT တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ၊ ရှေ့ဆက်လုပ်ဖို့ ရာထားချက်တွေကို တင်ပြဖို့အတွက် ဗိုလ်ချုပ် ဂွမ်မော် အမေရိကန် နိုင်ငံကို ရောက်ရှိနေတာပါ။

သူ့ရဲ့ ခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီ ဂျေ နမ်ဘီးယားတို့နဲ့ တွေ့ဆုံ ခဲ့သလို အမေရိကန် နိုင်ငံရောက် ကချင် အသိုင်းအဝိုင်း၊ ချင်း အသိုင်းအဝိုင်းတို့နဲ့ ဗိုလ်ချုပ် ဂွမ်မော် တွေ့ဆုံခဲ့ပါတယ်။